အခန်းထဲမှာ နေနေရင်းက အသံ အုပ်အုပ် တစ်ခုကို ကြားလိုက်တော့ သိလိုက်တာက မိုးတွေ ရွာနေတာပဲ။ အသံပဲ ကြားလိုက် ရသေးတယ် စိတ်ထဲမှာ လွမ်းသလို ပျော်သလို ပါပဲ။ ပျော်တာကတော့ ရာသီဥတုက ပူတာ ကြာနေပြီ ဖြစ်တာကြောင့် အအေးငွေ့ကို လိုချင်နေတာ ကြာမိလို့။ လွမ်းတယ် ဆိုတာကတော့ မိုးသံ မိုးနံ့ မိုးရေ မြင်လိုက်ရတာနဲ့ကို လွမ်းစရာကြီးကို ဖြစ်လို့ နေတာကြောင့်ပေါ့။ မိုးက ရွာတော့မလို ရပ်တော့မလိုနဲ့ ညိုမြ လုပ်နေပြန်ပါသေးတယ်။ ပြတ်ပြတ် သားသား ရွာချဖို့ နောက်ဆံတင်းနေတယ် ထင်ပါရဲ့ အသံတောင် ကြားတစ်ချက် မကြား တစ်ချက်။ အသံက ဟိုက ထွက်လာ သလိုလို ဒီက လာသလိုလိုနဲ့။ လေဆောင်ရာ ညှင်းသွဲ့လို့ မျက်နှားများနေ သေးတယ်လေ။
နွေကုန်လို့ မိုးထဲကို ဝင်နေပြီ။ ပူလောင်လွမ်းတဲ့ နွေဒဏ်ကို ခံပြီးတဲ့နောက်တော့ မိုးပြေးလေး လာတော့မယ် ဆိုတာ ကြိုတွေးပြီး ကြည်နူးမိတယ်။ တစ်ဆက်တည်းမှာပဲ မနက်ကတောင် အိပ်ယာနိုး အလုပ်သွားဖို့ ရေမိုးချိုး အလှပြင်တော့ မိုးရွာသံကို ကြားလိုက်ခဲ့ ရသေးတာ သတိရလိုက်မိတယ်။ ဘာလို့ဆိုတော့ ဒီလို မနက် မိုးရွာတယ် ဆိုတာ ဟိုးလွန်ခဲ့တဲ့ နှစ်များက အထက်တန်းကျောင်းကို သွားရတဲ့ အချိန်တွေကို လွမ်းမိလို့ပေါ့။ နွေကျောင်းပိတ်ရက် ပြီးလို့ ကျောင်းစတက်တယ် ဆိုရင်ပဲ မိုးတွေက ရွာပြီ။ ငယ်ငယ်က အမြဲ ပြောဖြစ်တယ်။ "မိုးက တော်တော် မကောင်းတာပဲ.. သူများတွေ ကျောင်းသွား ခါနီးဆို ရွာပြီး အတန်းတက်ရင် တိတ်ပြီ.. မုန့်စားဆင်းတော့ သူရွာတယ်… ကဲ အတန်းပြန်တက်တော့ တိတ်တယ်.. တစ်ခါတစ်ခါ ကျောင်းဆင်းချိန်ဆို သည်းကြီးမဲကြီး သူ ကျောင်းသူကျောင်းသားတွေနဲ့ အပြိုင် လိုက်ရွာတတ်သေးတယ်… ဟွန့်.." လို့ တတ်သလောက် မှတ်သလောက်နဲ့ ပြောပစ်လိုက် တတ်သေးတယ်။ ပြန်တွေးပြီးတော့ တစ်ယောက်တည်း ရယ်လိုက်သေးတယ်။ ဟုတ်တော့လည်း ဟုတ်ပါတယ်။ မထချင်ပါဘူးဆို အိပ်ယာထတဲ့ချိန် မိုးနံ့လေးကို သင်းလို့ မိုးဖဲလေးတွေ မြင်နေရတယ်။ စိတ်ကို မနည်း ဆန့်ကျင်ပြီး အိပ်ယာထ ကျောင်းသွားဖို့ လုပ်ရတယ်။
ကိုယ်တက်တဲ့ အထက်တန်း ကျောင်းက မိန်းကလေး သီးသန့် ကျောင်းမို့ ကျောင်းကို ရောက်တာနဲ့ ကျောင်းပေါက်ဝမှာ ကျောင်းစိမ်း ထမီလေးတွေ အကျီင်္ရင်ဖုံးလေးတွေ ဆံပင် ကျစ်ဆံမြီး နှစ်ဖက်ခွဲလေးတွေနဲ့ ကျောင်းသူလေးတွေ ထီးရောင်စုံ ဆောင်းလို့ရယ်။ ကျောင်းက သတ်မှတ်ထားတဲ့ စည်းကမ်းကြောင့် အားလုံး ဆင်တူတွေ ဖြစ်နေတာ သေချာ မကြည့်ရင် မသိနိုင်ဘူး ဘယ်သူရယ် ဘယ်ဝါရယ်လို့။ ထီးတွေနဲ့ ကွယ်နေရင် ပိုတောင် ဆိုးသေး။ တစ်ယောက်နဲ့ တစ်ယောက်လည်း သတိတော့ မထားနိုင်ပါဘူး။ အောက်ကို ကြည့်ကာ လမ်းလျှောက်နေရလို့ပေါ့။ ကျောင်းမှာက မိုးရွာတာနဲ့ ကျွတ်ပေါတယ်။ ကျွတ်လမ်းလျှောက်ကို မြင်ပြီး ကိုယ်တိုင် လမ်းမလျှောက်ရဲအောင် ကျက်သီးတွေ ထမိတယ်။ ဆရာမတွေက "ကျွတ်တွယ်မယ်နော်.. သတိထားလို့" အမြဲမှာတတ်သေးတယ်။ ကျောင်းစည်းကမ်း အရ အားလုံး ခြေညှပ် ဖိနပ် အဖြူတွေပဲ စီးရတယ်။ ထမီကို ဆွဲမထားတာ ဒူးလောက်ကို တိုမယ် ထင်တယ်။ အားလုံး မိန်းကလေးချည်းမို့ လွတ်လွတ်လပ်လပ်တော့ ရှိလှတယ်။ မိုးရွာလိုက်တိုင်း ကျောင်းစိမ်းဘဝရဲ့ မနက်ကို အမြဲ လွမ်းမိတယ်။ ဒါနဲ့ အလုပ်ကို သွားတဲ့ တစ်လမ်းလုံး ကျောင်းတုန်းက မနက်တွေကိုပဲ ပြန်တွေးမိနေ ခဲ့တယ်။
ဒီလိုနဲ့ အလုပ်ရောက်ပြီး ကိုယ့်နေရာ ထိုင်ခင်းချပြီးတော့ ကိုယ်ရေးမှတ်ထားတဲ့ စာအုပ်က ကုန်သွားလို့ Office က Stationary နေရာက ဗလာစာအုပ် တစ်အုပ်ကို ဆွဲနှိုက်လိုက်တော့ Unicolor ဆိုတဲ့ ဗလာစာအုပ် ဖြစ်နေပြန်တယ်။ သြော်.. တိုက်ဆိုင်လိုက်တာများကွာ လို့ သာ ဆိုလိုက်ချင်တော့တယ်။ ကျောင်းတုန်းက သုံးခဲ့ဖူးတဲ့ ဗလာစာအုပ်ပဲ ဖြစ်နေတယ်။ ဟိုက်စ်.. မိုးကတော့ ကိုယ့်ကို လွမ်းပြီးရင်း လွမ်းအောင် လုပ်ရက် လေသလားလို့ တွေးရင်း ငယ်ငယ်တုန်းကလိုပဲ စာအုပ် အဖုံးကို လက်မနဲ့ ဖိပြီး အတွင်းတစ်အုပ်လုံးကို တစ်ချက် ဝှီးဆို ချိုးချလိုက်သေးတယ်။ ဘာရယ် မဟုတ်ဘူး စာရွက် အသားက ဘယ်လိုလဲ လိုင်းတွေက ဘယ်လိုလဲလို့ ငယ်ငယ်တုန်းကလို စစ်လိုက်သေးတယ်။ စာအုပ်ရဲ့ စာမျက်နှာကြားက ထွက်လာတဲ့ စက္ကူနံ့ကလည်း ငယ်ငယ်တုန်းက အနံ့အတိုင်းပါပဲလားလို့ တွေးရင် တစ်ယောက်တည်း ပါးတွေ ချိုင့်ထွက်သွားအောင် အသက်ပါပါလေး ပြုံးလိုက်မိတယ်။
သြော်.. မိုးရယ်….
လွမ်းတယ်… ဘာမြင်မြင်ကွယ်…

0 comments:
Post a Comment
Note: Only a member of this blog may post a comment.