Wednesday, May 22, 2013

တန်ပြန် သက်ရောက်ခြင်း မရှိ (အခန်း ၂)

အသက် ငယ်ငယ် မိန်းကလေး တစ်ယောက်ကိုသာ ဆိုရင် သူ ကျွန်မကို ဆက်ဆံသလို ဆက်ဆံ ပါ့မလားလို့ ကျွန်မ တွေးမိတယ်။ သူ ကျွန်မထက် ငယ်ပြီး စိတ်ကူးယဉ် အချစ် ဇာတ်လမ်း ဆန်ဆန် သူ မလုပ်တတ်ဘူးတဲ့။ သူချစ်တဲ့ အချစ်ကို အခြား သူတွေလို လွန်လွန်ကျူးကျူး မဖွဲ့တတ်ဘူးတဲ့။ နှစ်တိုင်းဖြစ်နေကျ မွေးနေ့ကိုတောင် သူအမှတ် ရနေသေးတယ်။ ခုနောက်ပိုင်းမှ ကျွန်မတို့ နှစ်ယောက်ပေါင်းမှ ဖြစ်လာတဲ့ ချစ်သူ မင်္ဂလာ နှစ်ပတ်လည် နေ့ကိုတော့ သူမေ့ချင် မေ့နေတယ်။ ဘယ်နှနှစ်မှ မရှိသေးတဲ့ နှစ်ပတ်လည် တွေကိုလည်း သာမန်နေ့တွေလို ကျွန်မ ဖြတ်သန်းခဲ့ရတယ်။ သူတောင် နေနိုင်သေးတာ ကျွန်မကဘာလို့ ဇောတက တက်ရမှာလဲလို့ မခံချင်စိတ်နဲ့ ကိုယ့်စိတ်ကိုယ် လှည့်စားပြီး နေနေလည်း ကျွန်မ တကယ့် စိတ်ရင်း ကတော့ ဘယ်ပျော်ပါ့မလဲ။ 

 
ချစ်သူ နှစ်ပတ်လည်နေ့တောင် သာမန်နေ့လို ဖြတ်သန်းကြတယ်ဆို.. ဖေဖော်ဝါရီ ၁၄ ရက်လို ချစ်သူများနေ့ ဆိုတာက ကျွန်မတို့ကြား ဘယ်အရေးပါ တော့မလဲ။ မြန်မာ့ရိုးရာ သတ်မှတ်ချက်လဲ မဟုတ်.. ချစ်သူတွေ စိတ်ပျော်ရွှင်ဖို့ သက်သက် လုပ်ဇာတ် လုပ်ပေးထားတဲ့ နေ့တစ်နေ့မို့ ဘာများ ထူးထူးထွေထွေ လုပ်ရမလဲလို့ သူ မပြောခင်တည်းက ကျွန်မ သိပြီးသားပါ။ ဒါပေမယ့်လည်း.. အခြားချစ်သူများ ပန်းစည်းလေးတွေ ချော့ကလက် လေးတွေနဲ့ ပျော်ရွှင်နေတာ မြင်ရင်တော့.. သြော်.. ကျွန်မမှာ တခြား မိန်းကလေးတွေလို ချစ်သူက အံ့သြမှုလေးတွေ ကြိုးစားပမ်းစား လုပ်ပေးတာမျိုးလေးတွေ ခံရမယ့် ကံဇာတာ မပါဘူးလို့ပဲ တွေးမိပါတယ်။

ကျွန်မ ချစ်သူဆီက လက်ဆောင် ပဏာတွေ ငမ်းငမ်းတက် လိုချင်တဲ့ မိန်းကလေးထဲမှာ မပါပါဘူး။ ဒါပေမယ့်လည်း ချစ်သူက အလိုက်တသိ ကျွန်မ အတွက်ရယ်လို့ အမှတ်တရလေး တကူးတက ဝယ်ပေးတာလေးမျိုးတော့ ကျွန်မ အသက်အရွယ်နဲ့ မဆိုင်ပဲ မျှော်လင့်မိမယ်ဆို တရားတယ်လို့ ထင်ပါတယ်။ ဒါပေမယ့်… သူကတော့ မတော်တဆတောင် ကျွန်မ အတွက်ရယ်လို့ လမ်းမကြုံ ဖူးပါဘူး။ ကျွန်မလည်း ပြောပြမှ ရလာတတ်တာမျိုး လိုချင် လှတယ် မရှိလို့ သူကိုယ်တိုင် ကျွန်မဘက်ကို နားလည် ပေးနိုင်မယ့် နေ့ကိုပဲ ကျွန်မ မျှော်လင့်မိပါတယ်။

ချစ်သူ မိန်းကလေး ဈေးဝယ် ထွက်တာ လိုက်ပေးချင်တဲ့ ချစ်သူ ယောကျာ်းလေးဆိုတာ မရှိလုနီးပါးပါ။ အဲ့ထဲမှာ ကျွန်မ ချစ်သူကတော့  လိုက်ပေးချင်စိတ် မရှိတဲ့သူ မဟုတ်ပါဘူး။ ဒီလို ကိစ္စမျိုး လိုက်ခိုင်းစရာလားလို့ ကျွန်မကို ပြန်မေးမယ့် သူပါ။ သူနဲ့ကျွန်မ ဘယ်တော့မှ ဈေးဝယ် မထွက်ဖူးပါဘူး။ အသက်ကြီးသူ ကျွန်မဆိုတော့လည်း နားလည်ပါတယ် ဆိုတာ ပြောရမယ့်သူက ဘယ်သူရှိမလဲ ကျွန်မပဲပေါ့။ သူက မိန်းကလေးကိစ္စ အရှုပ်အရှင်း ကင်းပေမယ့် အသက် ငယ်သေးတော့ ယောကျာ်းလေးချင်း ဆိုသော်ငြားလည်း အပေါင်းအသင်း မှားမှာကိုတော့ ကျွန်မ စိတ်ပူရပါတယ်။

သူက အပေါင်း အသင်းတော့ တော်တော်လေး ခင်မင်တတ်တယ်။ သူနဲ့ ကျွန်မ ချစ်သူ ဖြစ်ခြင်းက သူနဲ့ သူ့အပေါင်း အသင်းတွေ အပေါ် ဆက်ဆံရေး ကတော့ နည်းနည်းမှတော့ သက်ရောက်မှု မရှိခဲ့ပါဘူး။ သူ့သူငယ်ချင်းတွေကများ “မင်းက မင်းမမကြီးကို ကြောက်နေရတာလား” လို့ ပြောတာကိုတောင် မခံနိုင်တဲ့ သူငယ်ချင်းကောင်း တစ်ယောက်ပါ။ ကျွန်မ ကလည်း သူပျော်ရင် မတားတတ်တဲ့ သူဆိုတော့ ကျွန်မတို့ ကြားမှာ ဒီကိစ္စဟာ ပြသနာရယ်လို့ ကြီးကြီးမားမား ဖြစ်ဖူးတာ မရှိပါဘူး။

**********
သြော်.. ကျွန်မဘက်ကဆိုရင်… ။ သူ ဗိုက်ဆာတယ်လို့ ကလေး တစ်ယောက်လို ကျွန်မရှေ့မှာ ညီးလိုက်တယ် ဆိုပဲ ကျွန်မ ကိုယ်တိုင် ပြေးလွှား ချက်ပြုတ် ပေးရတာ အမောပါ။ သူငယ်ချင်းတွေကို သေသေချာချာ ရက်ချိန်းပေးပြီး ချက်ပြုတ် ပေးတတ်တာပဲ… ကျွန်မ ချစ်သူဆိုတော့ ပြောစရာတောင် လိုမယ် မထင်ပါဘူး.. အဆင်သင့်ရယ်ပါ။
သူ့ဝယ်ထားတဲ့ စက်ပစ္စည်းလေးတွေ ပျက်ဆီးနေတယ်ဆို ကျွန်မဆီ အရောက် ပို့ပေးတတ်ပါတယ်။ သူလမ်း မကြုံလို့ ကျွန်မများ လမ်းကြုံလျှင် ပစ္စည်းပြင်တဲ့ ဆိုင်ဆီ ပို့ပေးပါလို့ အကူအညီ တောင်းတတ်သေးတယ်။
ကျွန်မ သူငယ်ချင်းတွေနဲ့ အသုပ်ဆိုင် စားသောက်ဆိုင် တစ်ခုခုရောက်နေချိန်ဆို သူ မတော်တဆ ဖုန်းခေါ်တတ် ပြီးမေးတတ်တယ်။ ကျွန်မ ဘယ်မှာလဲလို့ပါ။ သူကြိုက်တဲ့ အစားအစာ ရောင်းတဲ့အရပ်မှာဆို ကျွန်မကို အဝယ်တော် ပါးတတ်ပါသေးတယ်။ သူ ကြိုက်တတ်တာ လေးတွေကို သိနေတဲ့ ကျွန်မကလည်း သူမမှာခဲ့ရင်တောင် အလိုက်တသိ ဝယ်လာမယ့်သူပါ။ သူ့အိမ်ကို တကူးတက ကျွန်မ ဝင်ပေးဖို့ကို ဝန်မလေးတဲ့သူပါ။ 

သူကျွန်မဆီ ဖုန်းဆက်ရင် သူလိုအပ်တာ အကူညီတောင်းတာ များပါတယ်။ ကျွန်မ သူ့ဆီ ဖုန်းဆက်ရင်တော့ သူ့ကို စိတ်ပူလို့ ဆက်မိတာ များပါတယ်။ သူ.. များ အိပ်ပျော်လို့ ကျောင်းချိန်မမှီ ဖြစ်နေမလား။ သူ.. များ သူငယ်ချင်းတွေနဲ့ ပျော်တာများပြီး ပိုက်ဆံအိတ်တွေ ဘာတွေများ အလုခံရတာ ဖြစ်မလား။ သူကလက်လွယ်တယ် သူငယ်ချင်းများနဲ့ စားကြသောက်ကြလို့ ပိုက်ဆံကို ကပ်တွက်တတ်တဲ့ သူငယ်ချင်းများပါရင် သူက ဦးအောင် ပိုက်ဆံထုတ်တတ်သူ အားနာတတ်သူ။ ဒါကြောင့်လည်း သူ့မှာ ပိုက်ဆံ အတိုအထွာ စုမိဆောင်းမိတယ် လို့ကို မရှိပါဘူး။ ဒါတွေလည်း ကျွန်မ ဝင်မပြောပါဘူး။ သူစိတ်ချမ်းသာ သလို လုပ်ပါစေ လို့ ခွင့်ပြုထားသူပါ။ သူများ စာမေးပွဲ ဖြေတဲ့ အခန်းမှား ဝင်နေမလား။ အစစ အရာရာ ကျွန်မပဲ တွေးပူ ပေးနေကြပါ။ ဒါတွေ သူမသိသလို သူနဲ့ သိသူတွေ ကလည်း မသိကြပါဘူး။ သူတို့ သိတာ ကျွန်မက မိန်းမကြီး သူက ကောင်လေးတစ်ယောက်။ 

**********
သူ ကျွန်မကို စိတ်ချလွန်း နေတာလား ကျွန်မကပဲ စိတ်ချစရာ အခြေအနေ ဖြစ်လွန်းနေတာလားတော့ မခွဲခြားတတ်ဘူး။ သူ ကျွန်မ အပေါ် သဝန်တိုတာ သိပ်မတွေ့ရတာတော့ ထင်ရှားတယ်။ သူများ ချစ်သူတွေ သဝန်တို အူတိုလို့ ရန်ဖြစ်ရရင် ကျွန်မ သိပ်ရယ်ချင်တယ်။ ကျွန်မ မှာတော့ ဒီလို ပြသနာ မရှိလို့ စိတ်ညစ်ရတယ် လို့ နောက်တောက်တောက်နဲ့ ကျွန်မ ပြောတတ်တယ်။ တကယ်တော့ အသက်အရွယ်နဲ့ မဆိုင်ပါဘူး ကျွန်မလည်း မိန်းကလေး တစ်ယောက်ပဲ ချစ်သူက စိတ်မချလို့ သဝန်တိုတာတော့ ကျွန်မလည်း ရင်ခုန် ကြည့်ချင်တာပေါ့။
ကျွန်မ အရွယ်နှောင်းဖို့ မတိုင်ခင် လောက်မှာ သူနဲ့ ကျွန်မ တွေ့ခဲ့ကြတယ်။ ဒီလိုနဲ့ ချစ်သူသက်တမ်း သုံးနှစ်ကျော်လာတော့ ကျွန်မ အရွယ်နှောင်းချိန် တိုင်ရော့မယ်။ သူဒါတွေ မစဉ်းစားတတ်ပါဘူး။ ကလေးလို ဖြစ်နေတဲ့သူက ကျွန်မဆီက နိစ္စဓူဝ အလိုလိုက်မှုတွေ ပျော်ရွှင်မှုတွေနဲ့ပဲ သာယာနေတတ်ခဲ့တယ်။ ချစ်သူ သက်တမ်းကြာလာတာနဲ့ အမျှ ကျွန်မက ရင့်ကျက်ပြီး ရုပ်ရင့်လာတယ် သူကတော့ အရွယ်ကောင်းပြီး ပိုကြည့်ကောင်း လာတယ်။ အရင် ကျွန်မ အပေါ် နားလည် ပေးသူတွေက သူ့အပေါ် နှမြောနေသူတွေ အဖြစ်နဲ့ နံပါတ်တွေ တိုးလာခဲ့တယ်။ ဒါတွေ ကျွန်မ သိပေမယ့် မသိချင်ယောင် ဆောင်ခြင်းဟာ အားလုံး အတွက် အကောင်းဆုံး ဖြစ်မယ်လို့ ကျွန်မ တွေးလိုက်မိတယ်။
သူ့စိတ်တွေထဲမှာ အေးအေး ဆေးဆေး ဖြစ်နေတဲ့ ကျွန်မကို ပူပူလောင်လောင် ပြင်းပြင်းပြပြနဲ့ လိုချင် တပ်မက် လှတယ် သိပ်မရှိတော့ ကျွန်မ မိန်းကလေးတန်မယ့် ရှက်လည်း ရှက်မိတယ်။ ဒီလိုဖြစ်အောင် ကလည်း တိုက်တွန်းလို့မှ မရနိုင်တာပဲ… ထုံးစံ အတိုင်း ကျွန်မ နားလည်ပါတယ်။
သူနဲ့ကျွန်မ အကြောင်းကို သူခုချိန်ထိ သူ့မိဘတွေကို ဖွင့် မပြောသေးဘူးတဲ့။ သူ.. ဘယ်ချိန်ပြောမှာလဲ။ ကျွန်မ ဒိထက်မက ပို ကြီးရင့်လာမှလား..။ သူ့မေမေ စိတ်မကောင်း ဖြစ်မှာ စိုးလို့တဲ့။ သူ့ထက် အသက်ကြီးတဲ့ မိန်းမနဲ့ ချစ်နေတဲ့ အကြောင်း ပြောမိလို့ သူ့မေမေ စိတ်မကောင်းဖြစ်မှာကို စိုးရိမ်မိလို့တဲ့.။ 

သြော်.. ကျွန်မ စိတ်မကောင်းမှာကိုရော သူ စဉ်းစား မိရဲ့လား။ ဒီလိုဆို.. သူ့အတွက် ကျွန်မက ဘာလဲ….။

**********
သူ့ဘဝအတွက် ကျွန်မဟာ သူ လိုအပ်တဲ့ မိန်းမတစ်ယောက်လား..။ လိုအပ်တာလည်း မဟုတ်သလို မလိုအပ်တာလည်း မဟုတ်တဲ့ ဘာမှ အရေး မပါတဲ့ မိန်းမ တစ်ယောက်များ ဖြစ်နေသလား။ လေပြေတိုက်လို့ လေနုလေးတွေနဲ့ အေးချမ်းနေတဲ့ သာယာခြင်း မျိုးလည်း မဟုတ်.... မုန်တိုင်းထန်လို့ ပူဆွေးသောက ရောက်နေရတာ မျိုးလည်း မဟုတ်တဲ့ ကျွန်မတို့ အခြေအနေက သွေးအေး ဆိတ်ငြိမ်နေတဲ့ ခြောက်ခြားစရာ မြင်ကွင်းကြီးလိုပါပဲ။ လမ်းစကို ရှာမရလို့ အလင်းမရှိတဲ့ အမှောင်အိမ်မှာ ရည်ရွယ်ချက်မရှိ ရောက်လာတဲ့ လူနှစ်ယောက် ထွက်ပေါက်ကို ရှာဖို့လည်း မလွယ် ရောက်နေတဲ့ အရပ်မှာလည်း မပျော်.. တူတူ ရင်ဆိုင်ဖို့လည်း တစ်ယောက်နဲ့ တစ်ယောက် မမြင်… အချိန်တွေကို ဒီတိုင်း ရပ်စောင့်နေရင်း ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတဲ့ လူတွေလိုပါပဲ။
ကျွန်မ ဘာကိုမှ မတွယ်တာတတ်သလို မက်လည်း မမက်မော တတ်ဘူးနော်။  ကျွန်မမှာ မာနရှိတယ်။ ကျွန်မ စိတ်ဓာတ်က မာကြောတယ်။ ပြီးတော့ ကျွန်မက မှီခိုမှု ကင်းတဲ့သူတစ်ယောက် ဖြစ်တယ်။ ကျွန်မကို မလိုချင်တော့ဘူးဆို ကျွန်မ တွယ်ကပ်နေမှာ မဟုတ်ဘူး။
ဒါပေမယ့်… ကျွန်မ ဘက်က ကျွန်မကို မလိုချင်တော့ဘူးလားလို့တော့ မေးဖို့ အင်အား မရှိဘူး ဖြစ်နေတယ်။ လူတစ်ယောက်နဲ့ လူတစ်ယောက် ဆက်ဆံနေတာဆို ကျွန်မ ဒီလို ဆက်ဆံရေးမျိုးကို ဖြတ်တောက်ပစ်ဖို့လည်း ဝန်မလေးဘူး အလေးနက် ထားဖို့လည်း စိတ်မကူးဘူး။ ဒါပေမယ့်.. ဒီနေရာမှာ ရိုးရိုး လူတစ်ယောက်နဲ့ တစ်ယောက် မဟုတ်ပဲ ကျွန်မနဲ့ ကျွန်မ ချစ်တဲ့လူ ဖြစ်နေလို့ ကျွန်မ ရင်မဆိုင်နိုင် ဖြစ်ရတာပေါ့.။

**********
ကျွန်မ တကယ် စိတ်ညစ်နေပါတယ်။
ကျွန်မ အရင်က ဟန်မဆောင် တတ်ပေမယ့် အခု တကယ် ဖြစ်နေသလို တကယ့် အဖြစ်ကို ဖုံးထားနိုင် တတ်ပါတယ်။ ယခင် သွေးအေးနေတတ်တဲ့ ချစ်သူကို သူ့အကျင့်လို့ လျစ်လျူရှုခဲ့ပေမယ့် သွေးအေးတာတွေ များလာတော့ ဒီလို ပုံစံနဲ့ ကျွန်မ ရှေ့ဆက်ဖို့ မရဲတော့ဘူး။
သူ့အတွက် အရာရာ ဖြည့်ဆည်းဖို့ ဝန်မလေးတဲ့ ကျွန်မ… သူ့အကျင့် အကောင်းအဆိုးကို လက်ခံတတ်တဲ့ ကျွန်မ… သူ့အကြိုက် အားလုံးကို လိုက်လျောတတ်တဲ့ ကျွန်မ အတွက်… သူ့ဘက်က သူ့မိဘကို ဆန့်ကျင်ဖို့ မပြောသေးနဲ့ ရင်ဆိုင်ဖို့တောင် မဆိုင်ရဲတဲ့သူ… ပတ်ဝန်းကျင်မှာ ကျွန်မကို တန်ဖိုးထားကြောင်း မဖော်ထုတ်ရဲတဲ့သူ… ကျွန်မ လိုအပ်ချက်ကို မြင်ဖို့ဝေးစွ သူ့အတွက် ပံ့ပိုးပေးမှုကိုတောင် မကြည့်တတ်တဲ့သူ…။ ဒီလိုလူနဲ့ ကျွန်မ ဘာဆက်လုပ်ရတော့မှာလဲ…။
ရောက်ရာအရပ်က လမ်းခွဲခြင်းက နောက်ကျမှု အနည်းဆုံး ဖြစ်တဲ့ အတွက် ကျွန်မတို့ အသာတကြည် လမ်းခွဲခဲ့ကြတယ်။ ကျွန်မအတွက် ကုန်ဆုံးသွားတဲ့ ကျွန်မအရွယ်တွေကို ကျွန်မ မနှောမြောပါဘူး… ကျွန်မ ပေးဆပ်လိုက်ရတဲ့ ကျွန်မရဲ့ စေတနာ မေတ္တာ သံယောဇဉ်တွေအတွက် ကိုယ့်ကိုကိုယ် အားနာမိတယ်။

စိတ်နာစရာတွေ စဉ်းစားနေရင်းနဲ့ပဲ.. သူနဲ့ကျွန်မ စတွေ့ကာစက သူက ကျွန်မကို ပိုင်ပိုင်နိုင်နိုင်ကြီး “မ”လို့ ခေါ်လို့ ကျွန်မ ရင်ခုန်ခဲ့ရတာတွေ။ သူကျွန်မကို အစ်မကြီးတစ်ယောက်လို ချွဲဖူးတာတွေ ပြန်တွေးပြီး ပြုံးမိပါတယ်။

ဒါတွေဟာ.. ကိုယ့်ထက် အသက်အတန် ငယ်သူကို ချစ်မိတဲ့ မိန်းမတစ်ယောက်ရဲ့ အဖြစ်လား.. အပြစ်လားတော့ မသိတော့ပါဘူး။ ဇာတ်သိမ်းခမ်း ဖြစ်တာတော့ သေချာပါတယ်။ ကျွန်မ ပြုံးနေရင်း မျက်ရည်လည်မိပါတယ်။

အချစ်ကိုအမြဲ မယုံမကြည်နဲ့ ရှုတ်ချခဲ့ဖူးလို့ ထင်ပါတယ်.. ကျွန်မ အချစ်ကံမကောင်းခဲ့ပါတယ်။ အချစ်ကို ယုံကြည် မိတဲ့ အချိန်ရောက်တော့ အချစ်က ကျွန်မ အတွက် တန်ပြန် သက်ရောက်ခြင်း မရှိတော့။
ချစ်သူကို ကျေးဇူးလည်း တင်မိပါတယ်။ အသက် ငယ်သူဆီက ကျွန်မ ရလိုက်တဲ့ သင်ခန်းစာက ကျွန်မ တစ်ဘဝလုံး အတွက် အမှတ်တရပါပဲ။

နောက်ဆုံး ဘယ်သူမှ မသိပဲ မျက်ရည်များ တိတ်တိတ်လေး ကျရတဲ့သူက ဘယ်သူရှိမလဲ… ဟောဒီက ကျွန်မ တစ်ယောက်ပေါ့..။

0 comments:

Post a Comment

Note: Only a member of this blog may post a comment.

 
Design by