ယောကျာ်းတွေကို မုန်းတဲ့ စာရင်းထဲမှာ ကျွန်မ ထိပ်ဆုံးက ပါမလားတော့ မပြောတတ်ဘူး။ မုန်းတာတော့ တကယ်မုန်းတာ။ မုန်းရအောင်လည်း မုန်းချင် စရာကြီးပဲကိုး။ သူတို့ လုပ်ရပ် တွေကလည်း နှလုံးနာ စရာကြီး။ ဒီလို ပြောတော့ ယောကျာ်းတွေ ကျွန်မကို ကြည့်မရကြဘူး။ ပြန်တိုက်ချင် ကြတယ်။ ဒါပေမယ့် တိုက်စရာလည်း သူတို့မှာ ခိုင်ခိုင် မာမာ သက်သေခံ မရှိဘူး ဖြစ်ပြန်တယ်။
ဟုတ်တယ်လေ။ ကျွန်မမှာက အထောက်အထားတွေ အများကြီးနှယ်။ သူတို့ အကြောင်း ကြားလိုက်ရရင် ကောင်းတယ် ဆိုတာရယ် အင်မတန်မှ ရှား။ ရှိပြန်တော့လည်း ရှေးဟောင်း ပြတိုက် ထဲကလို ကိုယ်နဲ့ အလှမ်း ဝေးသပါ့။ ဒီလိုနဲ့ ကိုယ်တွေလည်း ပြတိုက် ရောက်ခါနီး အရွယ် ရောက်လု မြောပါးပါပဲ။ သို့သော်လည်း ကျေနပ်ပါတယ်။ ကိုယ့်ဘဝလေးနဲ့ ကိုယ် အေးအေး ချမ်းချမ်း နေရလို့ အိုနာ သွားတာထက် ဒင်းတို့ ယောကျာ်း တွေကြောင့် ကိုယ့်ဘဝလေး ပြိုပျက် ကြေကွဲရမှာကိုတော့ ကျွန်မ မလိုလားပါ။
ဒါကြောင့် ကျွန်မ သူငယ်ချင်းတွေ ချစ်မှု ရေးရာ အတွက် ကြောင့်များ ဝမ်းနည်းပူဆွေး ခံစားရ ပြင်းထန်နေပါတယ် ဆိုလျှင်တော့ ကျွန်မအား ရင်လာဖွင့်ရန် မကြံပါနှင့် လို့ ကြိုတင် သတိ ပေးဖူးပါရဲ့။ ကျွန်မ အော်ရယ် ပေးမှာ သေချာပါတယ်။ အားပေးမယ်တော့ မမျှော်လင့် လိုက်ပါလေနှင့် အသင် မိတ်ဆွေတို့ လို့ ကျွန်မ ပြောပြော တတ်တယ်။ ဒီလိုနဲ့ ပတ်ဝန်းကျင်နဲ့ မပြောပါနဲ့ ကိုယ်နဲ့ ရင်းနှီးလှတဲ့ သူငယ်ချင်း တွေတောင် အဲ့လို ချစ်ရေး အကြောင်း ပတ်သက်လာရင် ကျွန်မနဲ့ အပေါက်အလမ်းက သိပ်မတည့်ချင်ဘူး။
**********
ထားပါတော့လေ.. ဒါတွေ ကတော့ ရိုးလှနေပါပြီ။ ကျွန်မလည်း ကျွန်မရဲ့ လောကီ လောကုတ္တရာ အရေး အရာများနဲ့ အားရတယ် ကိုမရှိပါဘူး။ အလုပ် များစမ်းပါဘိ။ ကိုယ့် လုပ်စရာ တွေနဲ့တင် အတော် ကလေး ရှုပ်လှပါပြီ။ ကျွန်မက မိန်းမ ဆန်ဆန် ကနွဲ့ ကလျတော့ မနေတတ်ဘူး.. ပြောလည်း မပြောတတ်ဘူး။ ယောကျာ်း တွေကိုသာ မုန်းတီးတာ ယောကျာ်းတော့ နည်းနည်း ဆန်တယ်။ မာမာထန်ထန် ဘောက်ဆက်ဆက်ရယ်ပေါ့။ သြော်.. ဒါပေမယ့် ကျွန်မမှာ ထူးခြားတဲ့ ပါရမီ အနေနဲ့ သာလွန်တဲ့ အရည်အချင်း ကတော့ ဟင်းချက် လက်ရာ ကောင်းခြင်း ပါပဲ။ မြန်မာ အစားအစာ အပြင် နာမည်ကြီး ပါတယ်ဆိုတဲ့ အခြား တိုင်းရင်းသား ပေါင်းစုံ အစားအစာ တွေလည်း ကျွမ်းကျွမ်း ကျင်ကျင်တော့ ချက်တတ်တယ်။ ကိုယ့်မှာလည်း စိတ်ဝင်စား စရာက မရှိဘူး။ အားရင် ဒါလေးတွေပဲ တစ်ယောက်တည်း လုပ်နေတတ်တာကိုး။ မဆန်းပါဘူး။ နောက်တော့ ကျွမ်းကျင် အဆင့်ထိ ရောက်လာတာ။ ဒါကြောင့်လည်း ကျွန်မ ဘယ်လောက် အပေါက် ဆိုးဆိုး ကျောင်းပတ် ရုံးပိတ်ရက်ဆို ကျွန်မအိမ်မှာ လူစည်နေပြီး အလုပ်တွေ ရှုပ်နေ တတ်တယ်။
ကျွန်မ သူငယ်ချင်း များကလည်း ကောင်းရှာ ပါတယ်။ အချစ် အကြောင်း ဆွေးနွေးလို့ မရပေမယ့် အစား အသောက်တော့ စားကောင်းတယ် ဆိုတာ သိထားတော့ မအားတဲ့ ကြားက အိမ်ကို ဆိုက်ဆိုက် မြိုက်မြိုက်ကို လာတတ် ကြတယ်။ ကျွန်မ မှာလည်း ကိုယ် ဘယ်လောက် ပင်ပန်းပင်ပန်း ပိုက်ဆံ ဘယ်လောက် ကုန်ကုန် မမောနိုင် မပန်းနိုင်ကို လုပ်လက်ပေး လိုက်ရမှ ကျေနပ်သူပါ။ အပြန် မကုန်ရင် အိမ် ချိုင့်ဆွဲသွားတဲ့ သူတွေလည်း ရှိသေး။ အဲ့ဒိ အခါကျလည်း ကျွန်မ ပါးစပ်က ပွစိပွစိ ပြောပြီး ကျွန်မ လက်နဲ့ပဲ ကိုယ်တိုင် ကိုယ်ကျ ဘူးတွေ ခွက်တွေနဲ့ သေသေ သပ်သပ် ဆီယို ဆီဖိတ် မရှိရအောင် ထုပ်ပိုး ပေးလိုက် တတ်တာပဲလေ။
ဒီလိုနဲ့ ကျွန်မ ဘဝမှာ သာယာ လာလိုက်တာ ကျွန်မ အသက်တောင် နှစ်ဆယ့်လေး ဖြစ်လာပြီပဲ။ ကျွန်မ ကိုယ့်ကိုကိုယ်ပဲ သတိ မထားမိလိုက် သလား။ ဂရု မစိုက်လိုက် မိတာလားတော့ ကောင်းကောင်း မသိလိုက်ဘူး။ သိလိုက်တော့ ကျွန်မ အသက် နှစ်ဆယ့် လေးနှစ်မြောက် မွေးနေ့အတွက် အပေါင်း အသင်းများက မွေးနေ့ဆုတောင်းတွေ ဆုတောင်းပေးတဲ့ အချိန်တောင် ရောက်လာပြီပေါ့။ အင်း.. အရွယ်တော်လို့ အရွယ်တောင် ကျော်တော့မှာပဲ…။ ဒီခေတ် ဒီချိန် အတွက် ကျွန်မ အပျိုကြီး ခေါ်ခံ ထိတာတော့ ဆန်းတော့မယ် မထင်ပါဘူး။ နောက်သလိုလိုနဲ့ ပြောနေပေမယ့် ဟုတ်လည်း ဟုတ်နေတာ ပါပဲ။ ကျွန်မလည်း ကိုယ်တိုင် လက်ခံထားတဲ့ အတွက် ကျေနပ်တယ် လို့ ဆိုရမယ်ပေါ့လေ။
**********
သြော်.. စဉ်းစားလိုက်ရင်း နဲ့တောင် ကျွန်မ တစ်ယောက်တည်း ရယ်နေမိတယ်။ ဒါတွေက ကျွန်မ သူနဲ့ မတွေ့ခင်က ဖြစ်ခဲ့တာ တွေပါလား။ ခုများတော့လည်း ကျွန်မ မဟုတ်တော့တဲ့ နောက်ထပ် ကျွန်မ တစ်ယောက် ဖြစ်လို့ နေပါလား။ ကျွန်မ လက်ခံထားတဲ့ ယုံကြည်ချက်ကို တစ်ချက်တည်းနဲ့ အပြီး ရိုက်ချိုး ပြီး ကျွန်မ နှလုံးသားထဲ အပြည့် နေရာ ယူလိုက်တာကတော့ ကျွန်မ ချစ်သူ။ သူက ကျွန်မ ဘဝထဲကို မတော်တဆ ရောက်လာခဲ့ ခြင်းပါ။ ကျွန်မ တသက် တခါမှ မမျှော်လင့်ဖူးတဲ့ ကောင်လေး အတွက်လည်း ထူးခြားတဲ့ တွေ့ဆုံမှု တစ်ခုပါ။ ကျွန်မ ဘဝမှာ ကိုယ့်ထက် အသက် ငယ်တဲ့ ယောကျာ်း တစ်ယောက်ကို အနစ်နာခံ စွဲစွဲ လန်းလန်း ချစ်မိလိမ့်မယ်လို့ ဘယ်တုန်းကမှ အိပ်မက် မမက်ဖူးဘူး ဆိုတာထက် မမျှော်လင့် ဖူးဘူးဆို ပိုမှန်မယ် ထင်တယ်။
ကျွန်မထက် ငါးနှစ် ငယ်သူကို ကျွန်မ ချစ်မိ နေတာပါလား…။ ဒါကြောင့် သူက ကျွန်မ မုန်းတီးဖူးတဲ့ ယောကျာ်း တွေထဲက ယောကျာ်းမျိုး မဟုတ်တဲ့ ကောင်လေး ငယ်ငယ် တစ်ယောက်။ အသက်ငယ်လို့ ကျွန်မ သူ့ကို သတိထားမိပြီး ထူးထူး ခြားခြား ဆက်ဆံ မိသလို အသက် ငယ်လို့ပဲ ကျွန်မ သူ့အပေါ် အမေ တစ်ယောက် အစ်မ တစ်ယောက်လို စေတနာတွေ ပိုခဲ့မိတယ်။ သူ့ကြောင့် ကျွန်မရဲ့ မာကြော နေတဲ့ စိတ်အစုံက ကြင်နာ ချင်လာခြင်း နူးညံ့လာခြင်း စာနာ နားလည် ပေးနိုင်ခြင်း အဖြစ်သို့ မသိ မသာမှ သိသိ သာသာသို့ ပြောင်းလဲ လာခဲ့ရသည်။
သူက ကျွန်မ မုန်းတဲ့ ယောကျာ်းတွေလို ကျွန်မကို မချဉ်းကပ်ဖူးဘူး။ ယောကျာ်း တစ်ယောက်လို မာယာ ပရိယာယ် မရှိဘူး။ ယောကျာ်း တစ်ယောက်လို တင်တင် စီးစီး ဦးဆောင်ပြီး မစည်းရှုံး ဖူးဘူး။ ဟုတ်ပါတယ်… ။
သူက အမြဲ ကျွန်မ နောက်မှာ နေတတ်သူ။ ကျွန်မကို အားကိုးတဲ့ မောင်ငယ်လေးလို ဖြူစင်သူ။ မသိ နားမလည် တာတွေ များပြီး ကျွန်မ အပေါ် အထင်ကြီး လေးစားတတ်သူ။ ကျွန်မ အပေါ် ကလေးလေး တစ်ယောက်လို ချွဲတတ်သူ။ တစ်ခါတစ်လေ ကျွန်မအပေါ် ဇွတ်အနိုင်လို ဆက်ဆံတတ်သူ။ တစ်ခါတစ်လေ ကျွန်မကို တိတ်တိတ်လေး ကြင်နာတတ်သူ။ ဒါတွေက ကျွန်မ မထင်ထားတဲ့ ကျွန်မ စိတ်ကို တိန်းညွတ်စေတဲ့ အချက်တွေ ပါပဲလားလို့ ကျွန်မ ကိုယ်တိုင် မမြင်နိုင်အောင် ဒီကောင်လေး အပေါ် စီးမြော ဝင်သွားမိတာ နှစ်အတော်ကြာတဲ့ အထိပါပဲ။
ဒီလိုနဲ့ နောက်ပိုင်း ကိုယ့်ကိုကိုယ် ပြန်သုံးသပ် မိသလောက်တော့.. ကျွန်မ သူ့ကို ချစ်မိပြီ ဆိုတာ ကိုယ့်ကိုကိုယ် ဝန်ခံပေမယ့် ကျွန်မ ယောကျာ်းတွေ အပေါ်အမြင် မကြည်တဲ့ ယခင် စိတ်ဟောင်း ကလည်း မပျောက်ကွယ် သွားပါဘူး။ ဒါကြောင့် ကျွန်မကို ကျွန်မ သူငယ်ချင်းတွေက နောက်တတ်တယ်။
“ယောကျာ်းတွေ တစ်ယောက်မှ မကောင်းဘူး ငါ့ရည်းစားက လွဲလို့..” တဲ့။
ပြောလည်း ခံရတော့မှာပဲ။ ကျွန်မ ကလည်း ပြောတဲ့တိုင်း ဖြစ်နေတာပဲကိုး။ ကျွန်မ ချစ်သူကို ကျွန်မ ချစ်တယ်။ ကျွန်မ ချစ်သူက ကျွန်မ မြင်ဖူးတဲ့ ယောကျာ်းတွေနဲ့ မတူလို့ ထူးခြားတဲ့ ချစ်သူတစ်ယောက် ဖြစ်တယ်။ ဒါ. ကျွန်မ လက်ခံထားတာ။
**********
အသက် အရွယ်ကွာမှုကြောင့် ကျွန်မတို့ ရင်းနှီးဖို့ ပိုလွယ်သလို တစ်ယောက်ကို တစ်ယောက် စိတ်ဝင်စားဖို့ ပိုကောင်း ခဲ့ပေမယ့် အချိန်တွေ ကြာလာတဲ့အမျှ ကျွန်မတို့ အသက်ကွာမှုက ကွာမှုပမာဏ ပိုပိုကြီးလာသလို ကျွန်မ ခံစားရတယ်။ ကျွန်မကပဲ အသက်ပိုပို ကြီးလာသလို ကျွန်မ ချစ်သူလည်း အသက်ကြီးဖို့ ပိုပိုနှေးလာသလို ကျွန်မ ခံစားရတယ်။
ကိုယ့်ထက် အသက်ကြီးတဲ့ မိန်းမတစ်ယောက်ကို ချစ်နေရတဲ့ ယောကျာ်းတစ်ယောက်ဟာ အလိုလို အလိုလိုက်တာ ခံချင်လာတယ်။ အရင်က နေတာထက် ဒီမိန်းကလေး ရှေ့မှာ ကလေး တစ်ယောက်လို ဖြစ်လာတယ်။ အနိုင်လိုချင်တာ များလာတယ်။ အကြီးဖြစ်တဲ့သူက အလျှော့ပေးရမှာပဲ.. ဆိုတာမျိုးက တွေက နေရာတကာမှာ ဖြစ်လာတယ်။
ဒါပေမယ့်… ကျွန်မ ကြည်ကြည် ဖြူဖြူ လက်ခံပါတယ်။ ဘာဖြစ်လို့ဆို ကျွန်မက သူ့ကို သိပ်ချစ် နေမိတာကိုး။ အသက် နှစ်ဆယ် ကျော်ထိ ချစ်သူရည်းစား မထားဖူးတဲ့ ကျွန်မဟာ စချစ်မိတဲ့ ချစ်သူကိုလည်း သည်းသည်း လှုပ်ကို ချစ်မိနေတယ်။ ပတ်ဝန်းကျင်က ကျွန်မကို တည့်တည့် လိုလို စောင်းစောင်း လိုလို ပြောချင်ကြတယ် ကြုံရင် ကြုံသလိုလည်း ပြောတတ်ကြပါတယ်။ အသက် ငယ်သူကို ချစ်မိလို့ ကျွန်မ ဘက်က ခွင့်လွှတ် အနစ်နာခံရမှာ များသလို စိတ်မချစရာ တွေလည်း များကြောင်းကို တသီတတန်း မကြား တကြား ပြောတတ်သေးတယ်။
ကျွန်မ နားထောင်ဖို့ ခံနိုင်ရည် ရှိပါတယ်။ ကျွန်မတို့ ချစ်သူ နှစ်ယောက် အကြောင်း ကျွန်မတို့ နှစ်ယောက်ထက် ဘယ်သူကများ ပိုသိနိုင်မှာ တဲ့လဲ။ အရာ တစ်ခုကို နားလည်ပေးနိုင်ရုံနဲ့တော့ လက်ခံပေးဖို့ လူတိုင်း မလွယ်ကူ လှပါဘူး။ ဒါကြောင့် ကျွန်မတို့ နှစ်ယောက်ပဲ သိတဲ့ အကြောင်းမို့ တစ်ယောက်ကို တစ်ယောက် နားလည်ကြတယ် တစ်ယောက်ကို တစ်ယောက် လက်ခံနိုင်ကြတယ်။ ဒါပေမယ့်… ကျွန်မဘက်က လိုက်လျော ရတာတော့ များပါတယ်။ သူကလည်း ကျွန်မ အဓိကထား မကြိုက်တဲ့ မိန်းကလေးမျာနဲ့ ရောထွေး ယှက်တင် နေထိုင်ခြင်းကို အသက်နဲ့ မလိုက်အောင် ကင်းကင်း နေထိုင် နိုင်သူပါ။ ဒီလိုနဲ့ ကျန်တဲ့ အရာတွေကို ကျွန်မ သူနဲ့ ထပ်တူ ခံစား နားလည် ပေးလို့ ဝန်မလေးခဲ့ပါဘူး။
အသက် ကြီးတာ အပြစ် မဟုတ်ပေမယ့်… အသက်ကြီးတဲ့ မိန်းမနဲ့ ချစ်မိတဲ့ ယောကျာ်း ကတော့ အပြစ် ဖြစ်နေတတ်တယ်။ အချစ်မှာ အသက်အရွယ် မရှိပါဘူး… လို့ ကျွန်မ ယုံကြည်ထားပေမယ့် သူ့အသိုင်း အဝိုင်းကတော့ လက်မခံ ချင်ဘူးလေ။ ကျွန်မက တန်ဖိုးရှိတဲ့ မိန်းမ တစ်ယောက် ဖြစ်နေပေမယ့် ကျွန်မ ချစ်သူနဲ့ ယှဉ်ရင်တော့ တန်ဖိုး လျော့သွား တတ်တယ် ထင်ပါတယ်။ သူ့အသိုင်းအဝိုင်းနဲ့ ပတ်သက်ရင် ကျွန်မအမြဲ တန်ဖိုး နည်းသူ တစ်ယောက်လို ဆက်ဆံခံရတယ်။

0 comments:
Post a Comment
Note: Only a member of this blog may post a comment.