နာရီ အားဖြင့် မည်မျှ ကြာသွား သည်တော့ ကျွန်မ သတိ မထား မိခဲ့။ သတိ ရလို့ ကော်ဖီကို အိနြေ္ဒရရ ငုံ့သောက် လိုက်တော့ ကော်ဖီ တွေတောင် ချိုရဲပြီး တော်တော်လေး အေးနေပြီပဲ။ ကော်ဖီ သဘာဝ ပူတုန်း ကော်ဖီ သတ္တိ အရသာနှင့် ပြည့်စုံ သလောက် အေးသွား သောအခါ ချိုရဲ ချွဲပြစ် နေတတ်တယ်။ ကော်ဖီ သိပ်ကြိုက် တတ်သော်လည်း ဒီအရသာ ကိုတော့ ကျွန်မ လုံးဝ မကြိုက်။ ဒါကြောင့် တကယ့် အရသာ ပျက်နေပြီး ကျွန်မ နှစ်သက်တဲ့ ကော်ဖီ ခါးသက်သက် အရသာလည်း မရှိတော့ သလို ခပ်သင်းသင်း အနံ့ မျိုးလည်း မရနိုင်တော့။ သို့သော် ကျွန်မ လက်က ကိုင်လက်စ ကော်ဖီခွက် ကိုတော့ ဆက်လက် ကိုင်ထားပြီး သောက်လက်စ ကော်ဖီ ကိုတော့ ဆက်သောက် လိုက်မိတယ်။ တကယ့် အမှန် စင်စစ် မှာတော့လည်း ကျွန်မတို့ တကယ် ကော်ဖီ သောက်ချင်လို့ သောက်နေ ကြတာမျိုး မဟုတ်ပဲ သူနဲ့ ကျွန်မ အေးအေး ဆေးဆေး စကား ပြောချင်လို့ အကြောင်း ရှာကာ ဒီ လူရှင်းတဲ့ ကော်ဖီ ဆိုင်လေးတွင် ကော်ဖီ သောက်နေခြင်း ဆိုတာ နှစ်ယောက်လုံး သိကြတယ်။ အခု လက်ရှိ ထိုင်နေသာ ဆိုင်လေးမှာ ကျွန်မနဲ့ သူ အရင် ချစ်သူ ဘဝ တုန်းကလည်း ထိုင်နေကျ ဖြစ်သော ဆိုင်လေးလည်း ဖြစ်တာကြောင့် ကျွန်မ တို့နဲ့လည်း ရင်းနှီး ကျွမ်းဝင် ပြီးသား နေရာလေး တစ်ခု ဖြစ်တယ်။ ဒါကြောင့် ဆိုင်လေးက အရင်လိုပင် လူသူ ရှင်းပြီး စကား ပြောဆိုရလည်း လွတ်လွတ် လပ်လပ် ရှိတယ်။ သို့သော်လည်း.. ကျွန်မတို့ ကတော့ အရင်လို ရင်းနှီး ကျွမ်းဝင်ခြင်း မရှိကြတော့ပါ။
သူကလည်း ကော်ဖီ ခါးခါး မြတ်နိုးသူ၊ ကျွန်မ ကလည်း မိန်းကလေး တန်မဲ့ ကော်ဖီကို စွဲမြဲစွာ သစ္စာ ရှိရှိ သောက်တတ်ပြီး အခြား မိန်းကလေး များကဲ့သို့ အချိုရည်များ အအေးများ ရေခဲမုန့်များ နှစ်သက် တတ်သူ တစ်ယောက် မဟုတ်။ ဒါကို သူလည်း သိနှင့် ပြီးသားပင် ဖြစ်ပါတယ်။ ကော်ဖီက လွဲလို့ ကျွန်မတို့ နှစ်ယောက် အကြိုက်ချင်း ဆန့်ကျင်ဘက် ဖြစ်လေ့ ဖြစ်ထ ရှိတာတော့ အဆန်း မဟုတ်ဘူး ထင်ပါတယ်။ အရင် ကျွန်မတို့ ချစ်သူတွေ ဖြစ်တဲ့ အချိန် ကျွန်မတို့ တစ်ယောက် အကြိုက်ကို တစ်ယောက် လေးစားမှု ပေးကာ အနှောင့် အယှက် မပေးပဲ လွတ်လပ်စွာ နှစ်သက် ပိုင်ခွင့်ကို ပေးတတ် ခဲ့ဖူး ကြသည်။ ချစ်သူ မိန်းကလေး အလိုက်ကို လိုက်ကာ အကြိုက်ကို ကြိုက်ကြိုက် မကြိုက်ကြိုက် မျက်စိစုံ မှိတ်ကာ လိုက်ကြိုက် တတ်သော ချစ်သူ ယောကျာ်းများ ထဲတွင် သူ မပါခဲ့ သလို မိမိ ကြိုက်သော အရာအား စိတ်ပါသည် ဖြစ်စေ မပါသည် ဖြစ်စေ တိုက်တွန်း အားပြု၍ ချွဲ့နွဲ့ကာ ချစ်သူ ယောကျာ်း လေးအား နွဲ့ဆိုး အနိုင်ယူ တတ်သော မိန်းကလေး ခပ်ပျော့ပျော့မျိုး ထဲတွင်လည်း ကျွန်မ မပါခဲ့ပါ။ သို့သော်.. ကျွန်မ စိတ်ထဲ မှာတော့ မိန်းမသား သဘာဝ ကိုယ်ကြိုက် တာလေး ချစ်သူက လိုက်ကြိုက် တတ်မယ်ဆို သိပ်ကောင်းမယ် ဆိုတဲ့ စိတ်ကူး လေးတော့ ယဉ်ဖူးတယ်။ ဒါကြောင့် ကျွန်မတို့ မပွင့် မလင်း ကိုယ်ဖြစ်ချင်တာကို ထုတ်ပြောလေ့ မရှိပဲ ပွင့်ပွင့် လင်းလင်းပင် ကိုယ့် အကြိုက်ကို ကိုယ် စိတ်ကြိုက် ရွေးချယ် လုပ်ပိုင်ခွင့် ပြုခွင့်ပြု ခဲ့ဖူး ကြတယ်။
တိတ်ဆိတ် နေတဲ့ ပတ်ဝန်းကျင်ကြောင့် ကျွန်မရဲ့ ရင်ခုန်သံ တွေက ပိုကျယ်လောင် နေသလိုများ ဖြစ်နေလို့ မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့ သူများ ကြားသွားမလား ကျွန်မ ကြောက်မိတယ်။ သူကတော့ အရင်လိုပဲ ဘာမှ ထူးထူး ခြားခြား မဖြစ် သလိုပါပဲ သူ့ အထာနဲ့သူ နေတတ်တယ်။ ကျွန်မတို့ မျက်နှာ ချင်းဆိုင် တွေ့ရင် ပြောစရာ စကား မရှိ တတ်ဘူး။ အင်တာနက် လိုင်းက ဆိုရင်တော့ ကျွန်မ စာရိုက် ပြောရတာ ပိုသဘောကျ မိတယ်။ ကျွန်မ ဆိုလို ချင်တာကို ရဲတင်းစွာ ပြောထွက်တယ်။ ဒါ ရဲတင်းတာမှ မဟုတ် တာပဲနော်။ ဒီလို သူနဲ့ မျက်နှာချင်းဆိုင် တွေ့ဖို့ဆိုတာ လွယ်ကူတာ မဟုတ်ဘူး ဆိုတာထက်ကို ခက်ခဲတဲ့ အရာပါပဲ။ ဒါပေမယ့်လည်း ခက်ခက်ခဲခဲ ရထားတဲ့ အခွင့် အရေးကိုလည်း ခက်ခက် ခဲခဲ ဘယ်လို သုံးရမလဲ မသိဘူး။
သူက နိုင်ငံ ရပ်ခြားမှာ အနေကြာလို့ ပညာတွေ ပိုတတ် အမြင်တွေ ပိုကျယ်လို့များ အရင်က ချစ်ခဲ့ဖူးတဲ့ ကျွန်မလို ခပ်သိမ်သိမ် ငယ်ငယ် မိန်းကလေး တစ်ယောက်ကို အရင်လို ငယ်သူငယ်ချင်းလို ဖြစ်စေ ခင်မင်သူ တစ်ယောက်လို ဖြစ်စေ အဆင့်အတန်း မခွဲခြားတတ်တဲ့ အကြည့်မျိုးနဲ့ ကြည့်ဦး ပါ့မလားလို့ ကျွန်မ အားငယ်စွာ တွေးမိတယ်။ သူ့မျက်လုံးတွေ ကျွန်မဆီမှာ မရှိတော့လောက်တဲ့ အချိန်မှ ကျွန်မ သူ့မျက်လုံးတွေကို တိတ်တဆိတ် မော့ကြည့်မိတယ်။ သူက အရင်လိုပဲ ရိုးသား ဖြောင့်စင်းတဲ့ ဟန်ပန်တော့ အပြည့် ရှိနေတယ်။
အပြင်လူ နားထောင်လျှင် အရည်မရ အဖတ်မရ စကားများ ကျွန်မတို့ ပြောနေ ကြသော်လည်း ကျွန်မတို့ ရင်ထဲမှာတော့ အရေးကြီး စာမေးပွဲ ဖြေနေစဉ် သကဲ့သို့ ရင်ခုန်သံများ ပုံမှန်ထက် မြန်နေကြောင်း ကျွန်မတို့ နှစ်ယောက်ပင် သိကြတယ်။ ဒီ ရင်ခုန်မှု မျိုးက အခုမှ စတွေ့ကာ တစ်ယောက်နှင့် တစ်ယောက် အကဲခတ် အကဲစမ်း နေကြသော မိန်းကလေးနှင့် ယောကျာ်းလေးတို့၏ တွေ့ဆုံမှုမျိုးလည်း မဟုတ်။ ချစ်သူဖြစ်စ ကြင်စချစ်စလို တွေ့ဆုံစကားပြော၍ ရင်ခုန်နေခြင်းမျိုးလည်း မဟုတ်။ မတွေ့တာ ကြာသော ငယ်သူငယ်ချင်းဟောင်း တစ်ယောက်အား မတော်တဆ တွေ့လိုက်ရ၍ ဟက်ဟက် ပက်ပက် လှုက်လှုက်လှဲလှဲ ရင်ခုန်နေခြင်း မျိုးလည်း မဟုတ်။
သူနဲ့ ပတ်သက်ပြီး အကြောင်း အရာတိုင်းဟာ အသစ် မဟုတ်သည် ကိုလည်း သိနေ တတ်တယ်။ သူ့အကြောင်းကို အများ သူဌာထက် ကိုယ်က ပိုသိ နေတာကြောင့် အထူး တလည် သူ့အကြောင်း စိတ်ဝင် တစား မေးစရာလည်း မရှိလှ။ ထို့ကြောင့် သူနဲ့ ပတ်သက်ပြီး အံ့သြ လောက်အောင် ရင်ခုန် စရာလည်း မရှိ။ သို့သော်… အချိန် ကာလ နှစ်လ ကြာရှည် သွားသော်လည်း ကျွန်မ သိပြီးသား အချင်း အရာများအား ယခင် အတိုင်းပင်လားလို့ ပြန်လည် စမြုတ်ပြန် ပြောနေခြင်းပင် ကျွန်မတို့ကြား ရင်ခုန်ခြင်းကို ဖြစ်ပေါ် နေစေတယ်။။ အရင် ကျွန်မ သိထားသော ကိစ္စများ အခုရော ရှိနေသေးသည်လား.. ယခင် ကျွန်မနဲ့ သူနဲ့ ပြောဖူးသော အိမ်တွင်းရေး အသေးအဖွဲ ကိစ္စများကော ကျွန်မတို့ မတွေ့ ကြသောနောက်ပိုင်း ဘာများဆက်ဖြစ်သွားပါလဲ ဟု မေးမိနေခြင်း.. ကိစ္စတစ်ခုကို ကျွန်မတို့ အသစ်က စပြောပြ နေစရာမလိုပဲ ရှေ့ဆက်ဖြစ်သွားသော အကြောင်းများကိုသာ ထင်ထားသော မှန်းထားသော ဇာတ်သိမ်း ဖြစ်ကြောင်း မဖြစ်ကြောင်းကိုသာ ကျွန်မတို့ ပြောမိနေကြတယ်။ ပြန်လည် ရင်ခုန်ရန် မဖြစ်နိုင်သော ချစ်သူဟောင်းနှင့် တွေ့နေ သော်လည်း တစ်ဖက် မှာတော့ ကျွန်မတို့ အနည်းငယ်မျှ ကြည်နူး နေမိခဲ့သည်ဆိုလျှင် မမှားနိုင်ပါ။
သောက်လိုက်စ ကော်ဖီ ကုန်သွားလျှင် နောက်ထပ် ကော်ဖီ အသစ် တစ်ခွက် ထပ်မှာသောက်ရန် မသင့်လို့ နှစ်ယောက် စလုံး ကော်ဖီကို မကုန်အောင် သောက်နေကြသလား မှတ်ရတယ်။ ကော်ဖီတွေ အေးနေသော်လည်း မလျော့ဘူး။ သူရော ကျွန်မရော မတိုင်ပင်ပါပဲနှင့် အချိန်ဆွဲပြီး သောက်နေမိကြသည်။ စကားတွေ ပေရှည် ပြောနေရအောင် ပြောစရာလည်း မရှိသလို စကားစ ပြတ်အောင်လည်း နှစ်ယောက် စလုံး စကား မဖြတ်ချင်ဘူး။ ဒါကြောင့် သူနဲ့ စကားပြောနေရင် ကျွန်မ မျက်လုံးများက မျက်နှာချင်းဆိုင် သူသောက် နေသော ကော်ဖီ ခွက်အား အကြောင်းမဲ့ ကြည့်နေ သလို ကျွန်မ ကော်ဖီခွက် ကိုလည်း မကြာ မကြာ ကြည့်မိတတ်သည်။ သူလည်း ကျွန်မလိုပဲ မျက်စိ ထားစရာ နေရာ မရှိသလို ကျွန်မ မျက်လုံး တွေနဲ့ တိုက်ဆိုင်စွာ စိုက်ကြည့် မိမှာကိုလည်း စိုးရိမ်နေ သယောင်ရှိသည်။
အကြောင်းအရာ တစ်စုံတစ်ရာအား အားပါးတရ ပြောဆို ရယ်မော နေရင်းမှ ရုတ်တရက် တိတ်ဆိတ် သွားတတ် ပြန်သည်။ ရယ်မော သင့်သည်ထက်များ ပိုရယ် နေမိမှာလည်း ကိုယ့်ကိုကိုယ် ထိန်းသိမ်း နေရတယ်။
''နင်ရော.. ဘာလုပ်နေလဲ.. အဆင်ပြေရဲ့လား..''
သူ့လို နိုင်ငံ ရပ်ခြားမှာ ကျောင်း မတက်နိုင်လို့ ကျွန်မကို အဆင် မပြေဘူးများ ထင်နေသလားလို့ ကျွန်မ စိတ်ထဲ တွေးမိပြန်တယ်။
''ပြေပါတယ်.. ငါ အလုပ်လုပ်ဖို့ ပြင်ဆင် နေတယ်.. နင်ကော.. မတွေ့တာကြာလို့ ပိုပြီး ခပ်ပြည့်ပြည့် ဖြစ်လာတယ်နော်..''
''ဟုတ်တယ်.. ငါက ဟင်းလည်း မချက်တတ် မပြုတ်တတ်တော့ ရယ်ဒီမိတ်တွေ ချည်းစားလို့ လူလည်း ဖောင်းတင်း လာတယ်.. ဟားဟား''
ကြက်ဥတောင် မကြော်တတ် ပါဘူးဆိုတဲ့ သူက အရင်လိုပါပဲလားလို့ ကျွန်မ တွေးရင် လေးတွဲစွာ ပြုံးလိုက်တယ်။
''အေးပေါ့ဟ.. နင် ချိစ်တွေ ပါတာ အရမ်းစားလို့ နေမှာပေါ့.. သိပ်မစားနဲ့လေ တော်ကြာ.. ကောင်မလေးတွေ မကြိုက်ပဲ နေမယ်.. ''
''ဟဟ.. မကြိုက်ရင်တောင် ကောင်းမိဦးမယ်.. ဒါနဲ့ နင်ကော.. တစ်ယောက်တည်းပဲလား..''
ရုတ်တရက် သူ့အမေးကြောင့် ရင်တွေ အခုန်မြန် လွန်းလှတယ်။ အဆင်ပြေ ပါတယ်။ သူ့ကိုလည်း ကျွန်မ ဒီမေးခွန်းလေး မေးချင် နေတာနဲ့ ပြန်မေးဖို့ ခွင်ထဲ ရောက်လာတယ်။ ဟန်မပြတ် ကော်ဖီ အေးအေးကို သောက်လိုက် ပြီးမှ။
''မရှိပါဘူးဟ.. ငါ့ဟာငါ တောင်အလုပ် ရှုပ်နေတာ.... စိတ်မဝင်စားပါဘူး..''
သြော်.. ဆိုတဲ့ အကြည့်နဲ့ သူ အကြည့်တွေ လွှဲလိုက်တာ ခိုးကြည့်ရင်း တွေ့လိုက်တယ်။ သူ လိုချင်တဲ့ အဖြေများလား။ သူ ဒီအဖြေကို ဘယ်လိုများ စိတ်ခံစားချက် ဖြစ်သွားမလဲ သူ့ မျက်နှာရိပ်ကို အကဲခတ် လိုက်တယ်။ ဒါပေမယ့်.. သူက အရင်လိုပဲ လျှို့ဝှက် နက်နဲတဲ့ မျက်နှာပေးမျိုး ရှိတာကြောင့် ခုလည်း သူ့စိတ်ကို ဖတ်ဖို့ ခက်ခဲ ပြန်တယ်။
သူ့ကို မေးချင်လို့ ရင်တုန်နေတာကို ကော်ဖီခွက်လေး မလိုက်ပြီး စိတ်သက်သာ မလားလို့ ကိုယ့်ကိုကိုယ် အချိန် ပေးတဲ့ အနေနဲ့ ကော်ဖီ တစ်ငုံ သောက်လိုက်တယ်။ သက်ပြင်း မချသော်လည်း အသက်ရှု ထုတ်လိုက်ပြီးမှ သူ့ကို စိုက်ကြည့်မိတယ်။
''ဒါနဲ့.. နင်ကော.. ဘယ်သူနဲ့လဲ...''
စကားစပ်လို့ မေးမိသလို ပြောထွက်လိုက် ပေမယ့် ရင်ထဲမှာ ဗလောင်ဆူနေတာ သူ မသိ စေချင်ဘူး။ ရင်ထဲမှာ ဗြောင်းဆန် လေလေ အပြင်မှာ ငြိမ်သက် နေအောင် တည်တည် ငြိမ်ငြိမ် ဖြစ်အောင် နေတယ်။ သူကတော့ ရင်တောင် မခုန် သလိုပဲ။ သက်တောင့် သက်သာ အနေ အထားမှာ ရှိနေသလိုပဲ။
''ငါလား.. ''
''အင်း..''
သူ အချိန် ဆွဲနေသလိုပဲ လို့ စိတ်ကတော့ ထင့်လိုက်တယ်။ သိပ်သိချင် နေပေမယ့် အရေး မကြီးသလို ပေါ့ပါးဟန် နေလိုက်ပါတယ်။
''ငါ.. နင်နဲ့ မတွေ့တော့တဲ့ နောက်ပိုင်း ဆိုးတယ်...''
အဝေးကို လှမ်းကြည့်လိုက်ပြီး သူက လေးနက်ဟန်နဲ့ ဆိုသေးတယ်။ မျက်ခုံးလေး ပင့်လိုက်ပြီး သူ့အဖြေကို ဆက်သိချင်တယ်။
''ဘယ်လို.. နင်က ဆိုးတယ်.. အရင်က လိမ္မာတယ်ပေါ့...''
''ဟားဟား..''
သူ မခံချင် ဖြစ်သလိုနဲ့ ရယ်လိုက်တယ်။ အရင်လိုပဲ ရယ်တာကို လူမိမှာစိုးလို့ မြန်မြန်ရယ် မြန်မြန်တည် လိုက်တတ်တာ ခုထိပါပဲလား။
''အင်း.. ဟုတ်တယ်.. ငါ ရည်းစားတွေ အများကြီး ထားခဲ့တယ်..''
''ထားခဲ့တယ်... ဟုတ်လား..''
သူ ခေါင်းပဲ ဆက်တိုက် ညိတ်နေတယ်။ အတွေးတွေက သူ့အတိတ်ကို ပြန်ရောက် နေသလို။ ကျွန်မ ဒီလောက်နဲ့ မကျေနပ် နိုင်ပြန်ဘူး။
''ထားခဲ့တယ် ဆိုတော့.. အရင်ကပေါ့.. ဘာလို့လဲဟင်.. နောက်ပြီး ခုကော..''
ကျွန်မ ဇောတွေ များသွားလား မသိဘူး။ ဒါပေမယ့် ကျွန်မ မထိန်းနိုင်ဘူး။ ကျွန်မနဲ့ ရင်းနှီးဖူးတဲ့ သူက အဲ့လိုမှ မဟုတ်ခဲ့တာပဲ။ မိန်းကလေးဆို အနားကို မကပ်သလို အနားလည်း အကပ် မခံခဲ့သူ။ ကျွန်မက သူရဲ့ ပထမဆုံး ချစ်သူ ဖြစ်ခွင့် ရခဲ့သူ။ ဒါကြောင့်လည်း ကျွန်မလည်း လောကမှာ ကိုယ့်ကိုကိုယ် သိပ်ကို ဂုဏ်ယူ ခဲ့သူ။ နုနု ငယ်ငယ် အထက်တန်းမှာ လတ်လတ် ဆတ်ဆတ် နှလုံးသားနဲ့ အပြန်အလှန် ပထမဆုံး နေရာမှာ သီးသန့် ဖြစ်တည်ခဲ့တဲ့ ချစ်သူတွေ ဖြစ်ခဲ့တယ်။ အထက်တန်းပြီးမှ ကျွန်မတို့ ဇာတ်လမ်းလည်း မအူမလည် ကွဲသွားခဲ့ရတယ်။ ကျောင်းပုံပြင် လိုလို ဒဏ္ဍရီလိုလိုနဲ့ ကျွန်မတို့ နှစ်ယောက်က မထင်မရှား ဇာတ်လိုက်တွေ ဖြစ်ခဲ့ရတယ်။ ထားပါတော့လေ...ဒါတွေက ကြာခဲ့ပါပြီ။ ခု ကြားလိုက်ရတာတွေကသာ ကျွန်မကို စိတ်ဝင်စားမှု ပိုဖြစ်စေတယ်။
''အင်း.. အဲ့လိုပဲ.. မသိဘူး.. ငါနဲ့ လာပတ်သက်တဲ့ မိန်းကလေးတွေကို ပြန်ပတ်သက် လိုက်မိတာက စတာပဲ..''
''သြော်.. အရင်က နင်အဲ့လို မဟုတ်ပါဘူး..''
''အေး.. နောက်ပိုင်း တစ်ယောက်ပြီး တစ်ယောက်ကို ဖြစ်တာ.. ဒါလည်း ဟိုအရင်ကပါ.. ခုတော့ ငါမလုပ်တော့ဘူး.''
ကျွန်မ ဝမ်းသာ သွားမိတယ်။
''ဒါဆို နင်လိမ္မာသွားပြီပေါ့..''
မျှော်လင့်ချက် အလင်းတန်းများနဲ့ ကျွန်မ မျက်ဝန်းက အရောင်လဲ့ နေမယ် ထင်တယ်။ သူကတော့ အဲ့ဒိ အရောင်တွေကို မမြင်အောင် အကြည့်တွေ လွှဲထားတယ်လို့ ထင်ရတယ်။
''အေး.. နောက်ဆုံး ဒီတစ်ယောက်နဲ့တော့ ငြိမ်သွားပါပြီ..''
ဘုရားရေ...။ နောက်ဆုံး တစ်ယောက် ဆိုပါလား။ သူက ဒီမိန်းကလေး ကြောင့် ငြိမ်သွားတယ်တဲ့လား။ ကျွန်မ မျက်ဝန်းထဲက အလင်းတန်းတွေ မိုးကြိုးပစ်ခံ လိုက်ရသလို ဝုန်းဒိုင်းကြဲသွား သလား ထင်ရတယ်။ တကယ်တော့ ရင်ဘတ်ထဲမှာ မီးပွင့် သွားတာပါ။ မထင်မှတ်ပဲ ကြားလိုက်ရတဲ့ အဖြေကြောင့် မေးမိတဲ့ ကိုယ့်ကိုကိုယ် သနားမိတယ်။ ချစ်သူ ဖြစ်ခဲ့ ဖူးပေမယ့် သူ့ရှေ့မှာတော့ မကျဆုံး ချင်ပါ။
''သြော်.. နင်ဒီ တစ်ယောက်နဲ့က အတည်ပေါ့ ဟုတ်လား..''
မနာလို စိတ်လားတော့ မသိဘူး။ မေးလိုက် ပေမယ့် အတည် မဟုတ် သေးပါဘူးလို့ ပေါ့ပျက်ပျက် ဖြေလိုက်တာမျိုး ကြားချင်မိတယ်။ ဒါပေမယ့် သူ့ အကြည့်တွေက လေးနက် နေတယ်။
''အေး.. ထင်တာပဲ.. ကြာလည်း ကြာတယ် သူနဲ့တော့.. သူက ငါ့ကိုလည်း တော်တော်လေး ချစ်ရှာတယ်..''
အတော်လေး ချစ်ရှာတယ် ဆိုတာ ဘာကို ပြောလိုက်တာလဲ.. ငါနင့်ကို ချစ်ခဲ့ ဖူးသလိုများ တန်းတူ ရဲ့လား လို့ မေးလိုက်ချင်တယ်။ ကျွန်မ ဆက်နားထောင် မိတယ်။
''ဒါကြောင့် ငါလည်း.. ဘာမဟုတ်တာတွေနဲ့ မရှုပ်တော့ဘူး.. သူလည်း ငါ့ကို တော်တော် စိတ်ပူရတာ များတယ်.. ဒါကြောင့် ငါ ဟိုမှာ တုန်းက နင်နဲ့ ဖုန်းပြောဖို့တောင် အဆင်မပြေတာလေ.. ''
သြော်.. သူ့ ချစ်သူ မကြိုက်မှာ စိုးလို့ ကျွန်မနဲ့တောင် စကား မပြောနိုင်တာတဲ့လား။ ဖုန်း message တောင် မှန်မှန် reply မလုပ် နိုင်တာ တဲ့လား။ ရင်ထဲက ရေခဲမြစ်တွေ တာကျိုးပြီး မျက်ဝန်း ထွက်ပေါက်က မပေါက်ထွက် လာအောင် အံကြိတ် ထိန်းလိုက်ရတယ်။
''သြော်.. နင်ပြောတော့.. နင့် အခန်းဖော် အနှောင့် အယှက် ဖြစ်မှာ စိုးလို့ဆို…''
ငါ့ကို လိမ်တယ်ပေါ့ ဆိုတဲ့ အကြည့်နဲ့ ခပ် ငေါ့ငေါ့လေး ပြောလိုက်တယ်။
''အင်းလေ.. သူက ငါ့အခန်းဖော်ပဲလေ..''
ဘယ်လို။ သူတို့က တူတူ နေကြတာလား။ ဟာ.. သွားပြီ။ ချစ်သူတွေလို့ ပြောလိုက်တာ ကျွန်မ ထင်ထားတဲ့ ချစ်သူမျိုး မဟုတ်ပဲ။ တူတူ နေပြီး ကျောင်းတူတူတက် ဘဝကို တူတူရုန်းကန်နေကြတဲ့ ချစ်သူတွေလား။ ဒါကြောင့် ဒီတစ်ယောက်နဲ့ လိမ္မာသွားပြီလို့ ပြောလိုက်တာလား.. သူ့ကို အံ့သြ လွန်းလို့ စွံ့အနေတဲ့ ကျွန်မ နှုတ်ခမ်း တစ်စုံက တစ်ဇက်ဇက်နဲ့ တုန်ခါနေတယ်။
တစ်ယောက် လက်ကို တစ်ယောက် ထိဖို့တောင် ကြောင်ရွံ့ တုန်လှုပ်နေခဲ့ရဖူးတဲ့ ချစ်သူတွေ ဖြစ်တဲ့ သူက ခုတော့ အခြား မိန်းမ တစ်ယောက်နဲ့ ချစ်သူဆိုပြီး တူတူ နေပါတယ်တဲ့။ မိန်းကလေးတွေကို စိတ်မဝင်စားဖူးတဲ့ သူက သူငယ်ချင်း သံယောဇဉ်နဲ့ ချစ်ခဲ့ဖူးတဲ့ ကျွန်မကို ထိဖို့ လက်ကလေး ကိုင်ဖို့တောင် အားမွေးလို့ မရခဲ့သူက တဲ့လေ။ ဘယ်သူများလဲ။ သူ့ အချစ်ရော သူ့ စိတ်တွေ အရာအားလုံးကို တစ်ချက်တည်း ရလိုက်သူက ဘယ်သူများလဲ ကျွန်မ သိပ်သိချင်မိတယ်။ ကျွန်မနဲ့ ဝေးသွားတဲ့ ကာလဟာ သူ အခြား မိန်းကလေး တစ်ယောက်နဲ့ ရင်းနှီးဖို့ လုံလောက်တဲ့ အချိန် ပမာဏပေါ့လေ။ သူ့နေရာမှ တခြားသူသာ ဒီလို အလုပ်မျိုး လုပ်တယ်ဆို ရွံရှာ ဆုပ်စုတ်သလို အကြည့် နဲ့ အပြောကို အားမနာတမ်း ဖွင့်ချမိမှာပဲ။ ဒါပေမယ့် ခု ဒီလို အဖြစ်ကို လုပ်နေတာက ကျွန်မ သိပ်ချစ်ဖူးခဲ့တဲ့သူ။ မပြောရက်ပါဘူး။ မမြင်နိုင်တဲ့ အခြေအနေ အကြောင်းကြောင်း ကြောင့် ဖြစ်သွားတယ်လို့ပဲ မှတ်ပါတယ်။ ဘာများ ဆက်ပြော ရမလဲလို့ စဉ်းစားလို့ မရအောင် ခေါင်းခြောက်နေတယ်။ သူ့အကြည့်တွေက ကျွန်မ ဆီမှာ မရှိဘူး။ သူ ကျွန်မကို မကြည့်ရဲဘူး ထင်တယ်။ အားမနာပါနဲ့ သူငယ်ချင်းရယ်.. ဒါမျိုးတွေ ဖြစ်တတ်ပါတယ်.. လို့ ကျွန်မ မပြောရုံ တမယ် အဓိပ္ပာယ် ပါတဲ့ အကြည့်များနဲ့ စိုက်ကြည့်မိတယ်။
''သူက နည်းနည်း တိုတယ်ဟ.. အထူးသဖြင့် ငါ့ အဆက်ဟောင်းတွေဆို သူ စိတ်မချဘူး.. နင့်ကိုလည်း သူသိသွားတယ်.. ငါ့ဖုန်းကို သူက အားတိုင်း ချက်တတ်တော့လေ..''
ဘာကို ဆိုလို လိုက်တာလဲ။ သူ့ဖုန်းက သူကိုယ်တိုင် မပိုင်သလို သူ့ တူတူနေ ချစ်သူက ပိုင်တယ်လို့ အကြောင်း ကြားလိုက်တာများလား။ နောက်ဆို အဆက်အသွယ် လုပ်တာက အစ ဆင်ခြင်လို့ ပြောချင်တာလား။
''သြော်.. အဲ့တော့ ငါနင့်ကို message ပို့တော့ အဆင်ပြေရဲ့လား.. တော်ကြာ သူ တမျိုး ထင်မလား..''
စိတ်ထဲ မပါပေမယ့် စိတ်ပူသလိုတော့ ပြောလိုက်တယ်။ အမှန်တော့ သူက နောက်မှ ပေါက်တဲ့ ရွှေကြာပါ လို့ ပြောလိုက်ချင်သော်လည်း။
''အင်း.. တကယ်လို့ ငါ နင့်ကို စာတွေ ဘာတွေ မပြန်နိုင်ရင် ဘာမှ လျှောက်မထင်နဲ့နော်.. သူနဲ့ ကွိုင်တက်နေတယ်လို့ မှတ်လိုက်.. နင်လည်း ခဏခဏတော့ မပို့နဲ့ပေါ့. ကြာကြာနေမှ တစ်ခါ…''
သူ ဘာကို ဆိုလိုလိုက်တာလဲ ကျွန်မ ချက်ချင်းသိပါတယ်။ အနေအထိုင် ဆင်ခြင်ရမယ်တဲ့လား..။ ကျွန်မကို သတိ ပေးလိုက်တာ များလား။ ကျွန်မ စိတ်မကောင်းဘူး။ သိပ်ကို ဝမ်းနည်းနေတယ်။ ငိုချလိုက်ချင်အောင် စိတ်ပျက်လာသည်။ ကျွန်မဘက်ကိုတော့ နည်းနည်းမှ မကြည့်တော့ပါလား။ သူ့ကို သိပ်ချစ်ဖူးတဲ့ ခုထိ ချစ်နေတဲ့ ငယ်သူငယ်ချင်းလည်း ဖြစ် ချစ်ဦးသူလည်း ဖြစ်ခဲ့ဖူးတဲ့ ကျွန်မကို သူ နည်းနည်းမှ မစဉ်းစားတော့ပါဘူး။ ကော်ဖီတွေ အကုန် သောက်ပလိုက်သည်။ ကော်ဖီကို မြိုချရင်း အပြင်ကို ရှန်ချင်နေတဲ့ ကျွန်မ မျက်ရည်တွေကိုပါ ရောပြီး မြိုချလိုက်တယ်။
''နင်က သူ့ကို သိပ်ချစ်တာပဲလား…''
သန်ခေါင် အပြင် ညဥ့်မနက်တော့ပါဘူး။ သိချင်တာ ရှိတာ မရှင်းတာ ဖွင့်မေးလိုက်တယ်။
''အင်း… ငါ သူ့ကို ချစ်တယ်ဟ.. သူလည်း ငါ့ကို သိပ်ချစ်ရှာတယ်.. ''
တော်ပါတော့ ဆက်မပြောပါနဲ့တော့လို့ ပိတ်ပြောလိုက်ချင်တယ်။ ဒါပေမယ့် သူ့ကို ကျွန်မ မရိုင်းချင်ပါ။ ဘာပြောပြော ကျွန်မ နားထဲမဝင်အောင် အပြင်ကို ရှန်နေတယ် ထင်တယ်။ ဘာမှ မကြားချင်တော့ပါ။ ဒီအကြောင်းကို ကြားပြီး သူနဲ့ ဆက်တွေ့နေရတာ ဘာအတွက်လည်း နားမလည်နိုင်တော့ပါ။
သူနဲ့ တွေ့ပြီး ဘာတွေ ပြောခဲ့မှန်းကိုပင် မသိ။ တစ်ယောက်လည်း ခြေတစ်လှမ်းချင်း လျှောက်လာခဲ့တယ်။ လမ်းက မညီတာလား ကျွန်မပဲ တည့်တည့် လမ်းမလျှောက်နိုင်တော့တာလားတော့ မသိဘူး။ အောက်ခြေ တွေက မခိုင်တော့သလို။ မြေပြင်ကို ခေါင်းငိုက်စိုက် ချထားပေမယ့် သေသေချာချာ မမြင်ရအောင် မျက်လုံးထဲမှာ မျက်ရည်တွေနဲ့ ပြည့်နေတယ်။
အရင်က ဖြစ်ခဲ့တဲ့ ကိုယ့်ကိုကိုယ် ပြန်မြင်ကြည့်ပြီး ပြုံးမိတယ်။ သူ့ဆီကို email လေး မထိတထိ ပို့ပြီး ပြန်စာကို မျှော်လိုက်ရတာ စက္ကန့်တိုင်း ရင်တ ထိတ်ထိတ်နဲ့။ သူပြန်လာတဲ့ စာကို ချက်ချင်း မဖတ်ဘူး ဖတ်လို့ ကုန်သွားမှာ စိုးလို့။ စာချက်ချင်း ပြန်ချင်လို့ ကိုယ့်ကိုကိုယ် မနည်း စိတ်ထိန်းပြီး မိနစ် နည်းနည်း ခြားပြီးမှ တမင် စာပြန်ရတာနဲ့။ online ကတဆင့် သူ့ဖုန်းကို တိုက်ရိုက် message ပို့ရအောင် ကြိုးစားပမ်းစား လုပ်ထားတာနဲ့။ သူနဲ့ပတ်ပြီးပြီး စိတ်ကူးတွေ တစ်လှေကြီနဲ့ ကျွန်မ အိမ်ကိုသာ ပိုက်ပြီး ပြန်လာခဲ့ပါတယ်။
ကျွန်မ ဘဝထဲမှာ သူ့ email သူ့ message လေးရှိရုံနဲ့ ကျွန်မ နေပျော်ခဲ့ပေမယ့် သူ့ဘဝ ထဲမှာတော့ ကျွန်မ email ကျွန်မ message လေးကြောင့်တောင် ကြီးမားတဲ့ အနှောင့် အယှက်ကြီး တစ်ခု ဖြစ်နေ လေခဲ့တယ် တဲ့လေ။ ကျွန်မ တကယ် စိတ်မကောင်း ပါဘူး။ သူတို့ ပျော်ရွှင်နိုင်ပါစေ.။ ကျွန်မ ရင်ထဲက ဆုတော့ မဟုတ်ပါဘူး။ ဒါပေမယ့်……………

0 comments:
Post a Comment
Note: Only a member of this blog may post a comment.