ရင်တွေ ခုန်လွန်းလို့ တစ်ညလုံး အိပ်မပျော်ခဲ့ဘူး။ ကြာခဲ့ပြီ ဖြစ်တဲ့ အချိန် တွေကြောင့် သူ ကျွန်မကို ပြန်ဆက်သွယ် လာတာ အံ့သြ မဆုံးဘူး။ နောက်ပြီး.. ကျေးဇူးလည်း အထူး တင်မိတယ်။ ဒါကို သူ သိမှာ မဟုတ်ဘူး။ သိရင်လည်း ဘယ်လောက် ထုထည် ပမာဏ ရှိတယ် ဆိုတာ သူ ခန့်မှန်း နိုင်မှာ မဟုတ်ဘူး။ ဘာပဲ ဖြစ်ဖြစ်တော့ ကျွန်မ အပေါ် မပြတ်သားတဲ့ ဆက်ဆံရေးလေး ရှိနေ သေးတယ် ဆိုတာ သိရတော့ ဝမ်းသာ မဆုံး ကြည်နူး မဆုံးပါပဲ။ ဒါကလည်း ခုမှတော့ မဟုတ်ပါဘူး။ သူနဲ့ ပတ်သက်ရင် ကျွန်မမှာ အမြဲ ရင်ခုန် ပျော်ရွှင် နေတတ်သူ ဖြစ်ခဲ့တာ ဟိုးလွန်ခဲ့တဲ့ ရှစ်နှစ် အချိန်ထဲကပါပဲ။
ဘာရယ်… ''ပြန်လာရင် နင်နဲ့ တွေ့ချင်တယ်.. '' တဲ့။
သူ သြစတြေးလျ မှာတုန်းက ကျွန်မကို ပို့လိုက်တဲ့ email လေးကို ပျော်မဆုံး တပြုံးပြုံးနဲ့ကို ထပ်ခါ ထပ်ခါ ဖတ်နေမိတယ်။ အို.. တကယ်ပဲလား.. သူ ကျွန်မကို အမှတ် ရနေတယ် ဆိုတာ။ ယုံကြည် လိုက်ပါတယ် ချစ်ခဲ့ သူရယ်။ သြော်.. သူနဲ့ ကျွန်မက ငယ်သူငယ်ချင်း တွေလည်း ဖြစ်တာကြောင့် တစ်ယောက်နဲ့ တစ်ယောက် ရင်းရင်း နှီးနှီး အရင် သူငယ်ချင်းတွေ လိုပဲ နင်နဲ့ ငါနဲ့ ခေါ်ဝေါ် တတ်တာ ကိုလည်း သဘောကျစွာ သတိ ရမိ သေးတယ်။
ကျွန်မနဲ့ ဟိုး အဝေးကြီးကို သို့မဟုတ် အဝေးဆုံးကို ရောက်သွားတဲ့ သူက ကျွန်မ အပေါ် ဒီလို သံယောဇဉ် တကယ် ရှိသည် ဖြစ်စေ အနည်းငယ်သာ ရှိသည် ဖြစ်စေ အဆက်အသွယ် မဖြတ်ခဲ့ဘူး ဆိုတာ သိရလို့ ပျော်ရွှင်မိတယ်။ လူချင်း ဘယ်လောက် ဝေးနေပါစေ.. ကျွန်မတို့ နှစ်ယောက် စိတ်တွေ နီးနေတယ် ထင်ပါတယ်။ သူပြောချင်တာ ကိုယ်ပြောချင်တာက တစ်ယောက်ကို တစ်ယောက် ပျော်ရွှင်စေတဲ့ စကားစုတွေ ဖြစ်စေတယ်။ တမင် မလုပ်ကြံ ပါပဲနဲ့ပါ။ သူက ကျောင်းတက် နေရလို့ စိတ်ရော လူရော ပင်ပန်း နေတယ်တဲ့ email ပို့ပြီး ပြောတတ်တယ်။ သူနဲ့ chatting တက်ပြီး မပြော နိုင်တာ ကတော့ နိုင်ငံတွေရဲ့  အချိန်တွေ ကွာဟ နေတာ တွေကြောင့်ပါ။ နောက်ပြီး သူက အခန်းဖော်နဲ့ နေတော့ ညဘက် ကြီးလည်း online မှာ စကား ပြောဖို့ အဆင် မပြေဘူး ဖြစ်ရှာတယ်။ နားလည် ပါတယ်။ တစ်ဖက်က ဖြစ်ပျက် နေတာကိုတော့ ကျွန်မလည်း ဘယ်မြင်နိုင် ပါ့မလဲ။ သူ ပြောတာကို လက်ခံပါတယ်။ ဒီလို အဖြစ်ရယ် အကြောင်းရယ်ကို ရှင်းပေးလို့လည်း ကျေးဇူး တင်တယ် ချစ်ခဲ့ သူရေ။
မတွေ့တာ ခုဆို သေသေ ချာချာ ရေတွက် ကြည့်မယ်ဆို ခြောက်နှစ် ကျော်ကျော် ရှိခဲ့ပြီပဲ။ ဒါပေမယ့်… ကြာလွန်း လှတယ် လို့ မထင် ရအောင် သူနဲ့ ကျွန်မ ကြားမှာ လေလှိုင်း ဆက်သွယ်မှု မပျက် ရှိခဲ့တာ ပဲလေ။ သူသာ အဆက်ဖြတ် ခဲ့ချင်မယ်ဆို ကျွန်မ ဘယ်လိုမှ လိုက်ရှာ မရတဲ့ အရပ် ကိုတောင် သူ ရောက်လို့ နေတာပဲ။ လွယ်လွယ် ကူကူ ကျွန်မထံက လက်စသာ မက ခြေစနဲ့ အတူ နာမည်ကော လူပါ ပျောက်သွားလို့ ရခဲ့တာပဲ။ သူ မလုပ်ခဲ့ပါဘူး။ အဆင် ပြေရင် ပြေသလို မပြေ ရင်လည်း မပြေ သလိုတော့ သူ ကျွန်မကို ပျော်စေခဲ့တယ်။
ခုတော့ သူ ရန်ကုန်ကို ခဏ ပြန်လာ ခဲ့တာ တဲ့လေ။ ကျောင်းတွေ ပိတ်လို့ မိသားစုနဲ့ သူငယ်ချင်း တွေကို လွမ်းတယ် ထင်ပါရဲ့။ ကျွန်မကိုလည်း တွေ့ချင်တယ် သူက ဆိုလာတယ်။ ကျွန်မဘက်ကို တွေ့ချင် သလား မတွေ့ချင် သလား သူ မမေးခဲ့ဘူးပဲ။ သေချာပေါက် ကျွန်မ ပျော်ရွှင်စွာ လက်ခံမယ် ဆိုတာ သူကြိုသိနှင့် နေမှာပါ။
အပြင်မှာ အတွေ့တာ ကြာပြီ ဆိုတော့ သူ ပိန်သွားလား ဝလာ မလား သိချင်တယ်။ အရင်က ပိန်လွန်း နေတဲ့ သူ့ကိုယ်လုံး ကိုယ်ထည်က ခုတော့ ထောင်ထောင် မောင်းမောင်း ဖြစ်လာမလား။ အရပ်ကတော့ အရင်လိုပဲ မြင့်မြင့်ပဲ နေမှာပေါ့။ အရင် အတိုင်း ဆိုရင်တော့ သူက ကော်ဖီ ခါးခါးကို သိပ်ကြိုက်တုန်း နေမှာပါ။ အရင်လိုပဲ ဘာကိုမှ ဂရု မစိုက်တဲ့ စတိုင်နဲ့ပဲလား။ မိန်းကလေး တွေကို ကြည့်လို့ မရတဲ့ အထာ ကကော ခုထိလား။ သူနဲ့ တွေ့ရမှာမို့ ကိုယ့်ရုပ်ကို မှန်ထဲမှာ ကြည့်လို့ မဝ အောင်ကို စေ့စေ့ ကြည့်မိတယ်။ မတွေ့တာ ကြာလို့ သူတွေ့လိုက်ရင် အဆင်ပြေ အောင်ပါ။
ရှိတဲ့ အဝတ်အစား များထဲမှ အကောင်းဆုံး ဆိုတာထက် အယဉ်ဆုံးကို ရွေးချယ် ဝတ်ဆင် လိုက်တယ်။ ကိုယ်လုံး မလှတာကို မဖုံး တာတောင် မပေါ်လွင် အောင်တော့ အတတ် နိုင်ဆုံး ထိန်းသိမ်း လိုက်တယ်။ သိပ်ပြင် လိုက်ရင် မလှတတ်တဲ့ မျက်နှာမို့ နဂိုနဲ့ အတူဆုံးလို ပြင်ဆင် လိုက်တယ်။ အရင်လို ခြေသည်း လက်သည်းကို ရှည်ရှည် ကြည်ကြည် ထားရတာ သဘော ကျလို့ ခုလည်း ဒီတိုင်းလေးပဲ ထားတာတယ်။ တစ်ချိန်က သူလည်း သိပ်ကြိုက်တယ် လို့ ပြောဖူးတဲ့ ကျွန်မ လက်သည်းလေးတွေ မပြောင်းလဲဘူးဆိုတာ သူ့ကို မြင်စေချင်လို့ပါ။
ကျွန်မရဲ့ ဆံပင်တွေက နဂို လှိုင်းထ တဲ့ အကောက် ဒီဇိုင်း။ အရင် သူနဲ့ ချစ်သူတွေ ဖြစ်တုန်း ကတော့ ဆံပင် ဖြောင့်တာ သိပ်ကို ခေတ်စားတဲ့ အချိန်မို့ သူများ ကြိုက်မလား ဆိုပြီး ဆံပင်တွေ ဖြောင့်လိုက်ရတာ ဖတ်ဖတ်မော။ ဒီအဖြစ်လေး ကိုတောင် မှန်ကြည့်ရင်း ခေါင်းဖီးတုန်း သတိရလို့ တစ်ယောက်တည်း ပြုံးလိုက် သေးတယ်။ သူကတော့ ကျွန်မ ဘာလုပ်လုပ် သဘောကျ ပါတယ်လို့ ဆိုဖူးတယ်။ ဘာလုပ်လုပ် မထူးတဲ့ သဘောလား လို့တောင် ကျွန်မ ခပ်ငေါ့ငေါ့လေး ပြောဖူးတော့ သူ ရယ်ခဲ့ ဖူးတယ်။ ခုတော့လည်း ဘယ်သူ့ အတွက် ရယ်ကြောင့်မှ မဟုတ်တဲ့ အတွက် ဆံပင်လည်း နဂို အတိုင်း လှိုင်းများနဲ့ သဘောဝ ကျနေပါတယ်။ ရုတ်တရက် သူနဲ့ တွေ့ရမယ် ဆိုတော့လည်း ကြိုမပြင်ဆင် မိဘူး။ အရင်လို သူ နှစ်သက် နေအောင် သူသဘောကျ နေအောင် ကြိုးစား ဆွဲဆောင် နေစရာမှ မလိုတော့တာလေ။ သူနဲ့ တွေ့ဖို့ ပြင်ဆင်နေရင်းနဲ့မှ ရင်တွေ ခုန်နေလိုက်တာ။ လက်ဖျားတွေက အေးစက်နေတယ်။
တစ်ခါ တစ်ရံ ကိုယ် အဖြစ်ချင်ဆုံး အချိန်ကို အကြာကြီး မျှော်လင့် နေခဲ့ပြီး တစ်ရက်ပြီး တစ်ရက် လက်ချိုး ရေတွက် နေခဲ့ပြီး တကယ့် တကယ် အရောက် ချင်ဆုံး အချိန်ကို ရောက်လာပြီ ဆိုရင်တော့ ရင်ထဲမှာ ထူးဆန်းတဲ့ ပုရောဆိတ်များ အုံခဲ ကိုက်သလို အအုံ ခံနေရ သလိုလို ရွစိ ရွစိ ခံစားချက် ဖြစ်တတ်တာ အမြဲ။ ခုလည်း ဘာတွေ ဘယ်လို ဖြစ်နေမှန်း မသိအောင် သူနဲ့ တွေ့ရမှာကို ကလိ ကလိ ဖြစ်ကာ အိမ်မှ ထွက်ဖို့ ကြိုးစား ခဲ့တယ်။
တိတ်ဆိတ်တဲ့ ကော်ဖီဆိုင်မှာ ချိန်းလိုက်တယ်။ သူသဘောကျတဲ့ ဆိုင်မို့ ဦးစား ပေးမိပါတယ်။ သူက လူရှင်းပြီး အေးဆေး တိတ်ဆိတ် တာမျိုးကို သဘောကျ နှစ်သက် တတ်တာ ကျွန်မ သိနေတယ်လေ။
(ဆက်လက်ဖော်ပြပါမည်..)
0 comments:
Post a Comment
Note: Only a member of this blog may post a comment.