Saturday, April 6, 2013

စိတ်မနာပါ.. သို့သော်.. (အခန်း ၃)

မိသားစုနဲ့ ဝေးနေရတဲ့ မိန်းကလေး တစ်ယောက် အနေနဲ့ သူနဲ့ ဖြူစင် နွေးထွေးတဲ့ အဖြူရောင် မေတ္တာကို ရလိုက်ရတဲ့ အခါ အရာရာ ပြည့်စုံ သွားသလို ကိုယ့်ဘဝကိုယ် ကျေနပ်နေမိတယ်။ ကျွန်မ သူဖွင့်ပြောမယ့် အချိန်ကို စောင့်နေမိတယ်။ အချိန်အတန်ကြာ သူလည်း ကျွန်မ ကိုလေ့လာနိုင်ပါတယ် ကျွန်မ ဘယ်လိုမိန်းကလေးလဲဆိုတာ သူသိပြီးသား ဖြစ်နေသော်လည်းပေါ့။ ကျွန်မကတော့ လေ့လာစရာ မလိုတော့လောက်အောင် သူ့အတွက် အဖြေ ရှိနေပါတယ်။
ဒီလိုနဲ့ ကျွန်မလည်း ကျွန်မ စာတွေနဲ့ အလုပ်ရှုပ် သူလည်း သူ့ ကျောင်းစာတွေနဲ့ အလုပ်ရှုပ်တော့ ကျွန်မကို အရင်လိုတောင် နေ့ရော ညရော ဂရုမစိုက်နိုင်ပါဘူး။ ဒါတွေကို ကျွန်မ နားလည်ပါတယ်။ ကျွန်မတို့ ကျောင်းက စာတွေက သူ့အတန်းနဲ့သူ ကျောင်းသားတိုင်းကို စိတ်ဖိစီးနေအောင် လုပ်ထား ပြီးသားပါ။


တစ်နေ့ ကျွန်မ ကျောင်းကော်ရစ်တာမှာ နေ့လည်စာအတွက် ကန်တင်းဘက်ကိုလမ်းလျှောက်နေတုန်း ကျွန်မအခန်းဖော် သူငယ်ချင်းကို တွေ့လိုက်တယ်။ ဒီဘက်မှာ သူ့ကိုမတွေ့ဖူးပါဘူး..။ သူဘာလို့များ ဒီချိန် ရောက်နေရတာလဲလို့ ကျွန်မ အံ့သြမိလို့ သိလိုစိတ် ဖြစ်မိပြီး လိုက်ကြည့်မိတယ်။ ဘယ်သူ့ကို လာရှာတာပါလိမ့်လို့ တွေ့ရင် နောက်ပြောင်မယ် လို့တောင် ကျွန်မ တွေးလိုက်သေးတယ်။
သြော်.. သူက ကောင်လေးတစ်ယောက်နဲ့ လက်ချိတ်ထားပါလား..။ သေချာပါပြီ ကျွန်မ ထင်တာတော့။ သူချိတ်ထားတဲ့ လက်မောင်းကို မြင်ဖူးလိုက်တာလို့ ရှိတာနဲ့ မျက်နှာဘက်ကို ကြည့်မိလိုက်တော့… ကျွန်မနဲ့ သိပ်ရင်းနှီးဖူးတဲ့ စီနီယာအကိုပါလား။ သူတို့ ကျွန်မကို မမြင်ပါဘူး ကျွန်မကသာ အကုန် မြင်နေတာ။ အကုန် မြင်သွားပြီးမှပဲ ကျွန်မမျက်လုံးတွေ ပြာဝေ သွားလိုက်တာ ကျွန်မမျက်လုံးတွေကို ကျွန်မ မယုံနိုင် ဖြစ်သွားတယ်။ ကျွန်မ ခုနက မြင်လိုက်တာ တကယ်လား. တကယ် မြင်လိုက်တာလား… လူမှား မြင်လိုက်တာလား… ထင်တာ မြင်လိုက်တာလား..။ ကျွန်မ ကိုယ့်ကိုကိုယ် ဘာတွေမေးမှန်း မသိအောင် ဆက်တိုက် ဆက်တိုက် အဖြေမရှိပဲ မေးနေမိတယ်။
ဘာတွေလဲ… သူတို့က ဘာတွေလဲ… ကျွန်မကရော ဘာလဲ…. ။

ကျွန်မ ချစ်လှပါတဲ့ အခန်းဖော် ငယ်သူငယ်ချင်း လက်မောင်း ချိတ်တွဲသွားသူဟာ ကျွန်မနဲ့ ရင်းနှီးလှတဲ့ စီနီယာအကို မဟုတ်ဘူးလား။ သူတို့က ဘာကြောင့် ဒီလောက်ထိ ဘယ်အချိန်ထဲက ရင်းနှီးနေကြတာလဲ။
အသည်းကွဲတယ်ဆိုတာ အခု ကျွန်မ ဖြစ်နေတဲ့ ခံစားမှုလား..။ အသည်းကွဲတယ် ပြောရအောင် ကျွန်မနဲ့ သူနဲ့ကလည်း ချစ်သူတွေ မဟုတ်ဘူး။ သူလည်း ကျွန်မကို ကြင်နာတတ်တဲ့ အမူအရာ ပြပေမယ့် ချစ်တယ်လို့တော့ မဆိုဖူးဘူး။ ဒါပေမယ့်… ဘာဖြစ်လို့ ကျွန်မက သူ့ကို ကျွန်မ ချစ်သူလို ခံစားပြီး ကျွန်မသူငယ်ချင်းကို သစ္စာမရှိတဲ့ သူငယ်ချင်းတစ်ယောက် အဖြစ် ခံစားလိုက်ရတာလဲ။ တကယ်ဆို.. ကျွန်မနဲ့ ဘာမှမှမဆိုင်တာပဲ။ ဒါဆို သူ ကျွန်မကို နေ့ရော ညရော ဂရုတစိုက် မေးနေတာ ဘာအတွက်လဲ။
သူကျွန်မကို မချစ်ဘူးဆို ဒါမျိုးတွေ သူလုပ်သင့်သလား.. ကျွန်မကပဲ အကြီးကြီး ထင်ကြေးပေးတာ များသွားသလား..။ ကျွန်မနဲ့ သူနဲ့ ပတ်သက်မှုမျိုးကို ကျွန်မ သူငယ်ချင်းကကော သိနေတာပဲ မဟုတ်ဘူးလား.။

ကျွန်မ ကိုယ့်ကိုကိုယ် မေးနေတဲ့ မေးခွန်းတွေဟာ သူတို့ဆီမှာပဲ အဖြေက ရှိနေတာပါ။ ကျွန်မ ဒီကိစ္စတွေ မြိုသိပ်ထားလို့ မဖြစ်ပါဘူး။ ဂဂဏဏ သိမှကို ဖြစ်မှာပါ။ ကျွန်မ အရူး တစ်ယောက် မဟုတ်ပါဘူး။ ယောကျာ်း တစ်ယောက်ကို ငယ်သူငယ်ချင်းနဲ့ လုရအောင်လည်း ကျွန်မအတွက် ယောကျာ်းမရှားပါဘူး။

ညထိအောင် သူငယ်ချင်း ပြန်လာတာကို ကျွန်မ စာလုပ်ချင်ယောင်ဆောင်ပြီး ထိုင်စောင့်နေမိတယ်။ အရင်က သူနောက်ကျရင် ကျွန်မ အိပ်နှင့်ပြီ။ ဒါကြောင့်လည်း ကျွန်မတို့ တစ်ယောက်နဲ့ တစ်ယောက် စကားပြောဖို့ အခွင့်အရေး မရှိခဲ့တာ။ ကျောင်းမှာဆို ဒီလောက် နောက်ကျစရာ အတန်းမှ မရှိတာပဲ။ သေချာပါတယ် သူ့ချစ်သူ ကျွန်မ စီနီယာအကိုနဲ့ ပျော်ရွှင်နေလို့ နေပါလိမ့်မယ်။ သူ ပြန်ရောက်ပြီ။ အခန်းတံခါးကို ဖွင့်လိုက်တော့ စာကြည့် မီးရောင် မှိန်နောက်နောက်အောက်မှာ စာလုပ်နေတဲ့ ကျွန်မကို တွေ့လိုက်ရတော့ သူ အံ့သြသွားတယ် ထင်တယ်။ သူ့မျက်နှာ အနေအထားကို ပြင်ဖို့ အချိန်မှီအောင် ကျွန်မ အသံကြားတာနဲ့ ချက်ချင်း လှည့်မကြည့်ပါဘူး။ သူ့ကို အချိန်ပေးပြီးမှ ကျွန်မသူ့မျက်လုံးကို စိုက်ကြည့်ပြီး ပြန်ရောက်ပြီလားလို့ အသံအေးအေးနဲ့ပဲ မေးလိုက်မိတယ်။ သူကတော့ နောက်ကျသွားကြောင်း မလုံတလုံ ပြန်ပြောပြီး ပင်ပန်းလာလို့ အိပ်ချင်နေတဲ့ ပုံပေါက်နေတာ မဟုတ်ပဲ အိပ်ချင်နေပုံ ပြပါတယ်။ ကျွန်မ နားလည်ပါတယ်။

သူနဲ့ စီနီယာအကို အကြောင်း ကျွန်မ တိုက်ရိုက်ပဲ မေးလိုက်ပါတယ်။ သူ့အတွက် တစ်ကွက် သက်သာစရာ ရှိတာကတော့ ကျွန်မနဲ့ စီနီယာအကိုကလည်း ချစ်သူတွေမှ မဟုတ်တာပဲ။ နည်းနည်း အနေခက်ရုံကလွဲပြီး သူပြောအားတော့ ရှိပါတယ်။ ဟုတ်ပါတယ်.. သူတို့ ချစ်သူဖြစ်တာ လပိုင်းပဲ ရှိသေးသလို စီနီယာအကိုက သူ့ကို ချစ်ခွင့်ပန်ခဲ့တာ ဖြစ်ကြောင်း ကျွန်မ သိခဲ့ရတယ်။ 
ဟုတ်မှာပါ… ကျွန်မကို အကြင်နာရိပ်တွေ ပေးနေပြီးမှ ချစ်ခွင့်မပန်ပဲ ကြာနေတာကို ကြည့်ခြင်းအားဖြင့် သူ့မှာ တခြား စိတ်ဝင်စားစရာ ရှိနေတယ်ဆိုတာ ကျွန်မ သဘောပေါက် သင့်တယ်။ သြော.. ကျွန်မ သူငယ်ချင်းက ကျွန်မထက် ကြည့်ကောင်းတယ် ပြောတတ်ဆိုတတ်တယ် ဝတ်တတ် စားတတ်တယ်။ ယောကျာ်းလေး တစ်ယောက် အနေနဲ့ဆို ကျွန်မတို့ နှစ်ယောက် ယှဉ်လာရင် ကျွန်မကို ဖယ်ထားခဲ့မှာ ထင်ရှားပါတယ်။ ကျွန်မဘာမှဆက်မပြောတော့ပါဘူး။ နည်းနည်းတော့ ရှက်မိတာပေါ့။ အရင်က ကျွန်မအပေါ် သူတို့ ဘယ်လိုဆက်ဆံခဲ့လဲ။ ကျွန်မနဲ့နောက်နေကြတာ မဟုတ်ဘူးလား။ ဘာမှမမေးတော့ပါဘူး။ ကျွန်မ ဘာပြောပြော ကျွန်မက တရားမဝင်ခဲ့သူ.. ခုလက်ရှိမှာ သူတို့က တရားဝင်ချစ်သူတွေ။

မအိပ် ချင်ပေမယ့် အိပ်လိုက် ပါတယ် ကျွန်မ သူငယ်ချင်း နေရခက်မှာ စိုးလို့ပါ။ အိပ်ယာပေါ်မှာ တတ်နိုင် သလောက် ဟိုလှည့် ဒီလှည့် မလုပ်ဖြစ်အောင်နေပါတယ်။ ကျွန်မ အိပ်မပျော်တာ သူငယ်ချင်းသိသွားမှာ စိုးလို့ပါ။

မငိုချင်ပေမယ့် မျက်ရည်ကျရတော့တာပေါ့။ အရှိုက်ကိုတည့်တည်ထိတာ ဒါမျိုး ထင်ပါရဲ့။ မမျှော်လင့်ပဲ တစ်ချိန်တည်းမှာ စာတွေကြောင့် အိပ်ပျက် စားပျက် အလုပ်တွေရှုပ်ရပါတယ်ဆိုတဲ့ ကျွန်မ အခန်းဖော် ငယ်သူငယ်ချင်းနဲ့ ချစ်ခင်လေးစားရတဲ့ စီနီယာအကိုတို့က ဘာကြောင့် အလုပ်တွေရှုပ်နေရသလဲ.. ကျွန်မကို တွေ့ဖို့ကို အချိန်တွေ မရှိကြရတာလဲ.. ကျွန်မ ခုမှပဲ ရှင်းရှင်းလင်းလင်း သဘောပေါက်လိုက်တော့တယ်။ 
တကယ်တော့.. ကျွန်မက ပြောတိုင်းယုံနေတဲ့ အရူးမကြီးတစ်ယောက်ပေါ့။ ရေရေရာရာ အကြောင်းမရှိပဲ ပြောချင်တာ ပြောလိုက်တာကို အကြွင်းမဲ့ ယုံကြည်ပေးတတ်တဲ့ မပေါမကြီး တစ်ယောက် ပေါ့ ဟုတ်လား။ ကျွန်မ အရူးမဟုတ် ပေမယ့် ကျွန်မ ယုံကြည်ကိုးစားရတဲ့ သူတွေကြောင့် ကျွန်မ အရူးလုပ်ခံရတဲ့ အခြေအနေကို ရောက်ရတာပါ။ တကယ် ထင်မထားဘူးလေ။

နောက်တော့ ကျွန်မနဲ့ စီနီယာအကိုတို့ လမ်းမှာ မတော်တဆ ဆုံမိပါသေးတယ်။ သူတို့အကြောင်း ကျွန်မ သိပြီးတာကို သူလည်း သိမှာပါ။ ဒါကြောင့်လည်း ကျွန်မ မမေးခင်တည်းက သူဖြေရှာပါတယ်။ ကျွန်မကို ကျန်းမာရေး ဂရုစိုက် ဆေးမှန်မှန်သောက် ပြီးတော့ မဆီမဆိုင် ဘာရယ်မဟုတ်ပဲ ကျွန်မကို သူ့ညီမလေး တစ်ယောက် လိုပါပဲ ချစ်လည်း ချစ်တယ် လိုအပ်တာ ကိုလည်း ကူညီပေးပါ့မယ်တဲ့။ သြော်.. ညီမလေးတဲ့လား.. မလိုတော့လို့ လွှဲချလိုက်ချင်တော့ နောက်ဆုံးက ညီမလေးတစ်ယောက်လိုတဲ့လား..။ တကယ်ပဲ ညီမလေးလို ခံစားခဲ့တာလား..။

ကျွန်မ မေးစရာတောင် မလိုခဲ့ပါဘူး။ သူကျွန်မ အပေါ်ဆက်ဆံခဲ့တာ ညီမလေးတစ်ယောက်လိုပေါ့ ဟုတ်လား။ တကယ်တော့ ကျွန်မ အဲ့လိုမေးလိုက်ချင်တာပါ။ မပြောတော့ပါဘူး။
ရည်းစားလူလု အူနုကျွဲခတ် ဆိုသလိုပေါ့ နာကျင်တာတော့ အနှိုင်းမဲ့ပေါ့။

ကျွန်မ နောက်ကွယ်မှာ သူတို့ ဘယ်လိုပုံစံ ဘယ်လိုအနေအထားမျိုးနဲ့  ပတ်သက်ခဲ့တယ်တော့ ကျွန်မလည်း မမြင်ရတော့ မသိဘူး။ ဒါပေမယ့် …နှစ်ယောက်လုံးကိုတော့ ကျွန်မ အသည်းခိုက်အောင် မုန်းတယ်။ ဘာကြောင့် မုန်းတယ်ရယ်လို့ တိတိကျကျ ကျွန်မ ပြောပြလို့ အဆင်မပြေပေမယ့် သူတို့နှစ်ယောက်ကို အတော်ကလေး မျက်နှာပြောင်တိုက်မှုနဲ့ နာကျည်းမိပါတယ်။ ဒါတွေဟာ.. တစ်နည်းအားဖြင့်တော့ ကျွန်မ စိတ်ဓာတ်ပျော့ညံ့လို့ အခြားသူများ စိတ်နဲ့ အနိုင်ယူလိုက်ရတာလည်း ဖြစ်တယ်လို့ ကျွန်မ နားလည် သဘောပေါက်မိတယ်။  

ကျွန်မအဖြစ်က ကိုယ့်ဘဝမှာ ဦးဆုံးစ ချစ်ဖူးသူကို ကိုယ့်ဘဝရဲ့ ဦးဆုံး ခင်မင်ရတဲ့ ငယ်သူငယ်ချင်းနဲ့ ယှဉ်လာတော့ နောက်ကောက်ကျန်ခဲ့ရတဲ့ ဇာတ်နာလှတဲ့ မိန်းမတစ်ယောက်ကြီးလိုပဲ။ ရှက်လည်း ရှက်မိတယ်။ အရှက်မရှိ လုပ်ရဲတဲ့ လုပ်ထွက်တဲ့ သူတွေကိုလည်း ကိုယ့်လိပ်ပြာ ကိုယ်လုံလို့ စိတ်ချမ်းသာစွာ ဘဝ ခရီး ဆက်ရပါစေ လို့သာ ကျွန်မ ဆုတောင်းပေးလိုက်ပါတယ်။

နောက်ဆုံးတော့ ကျန်ခဲ့သူက ဘယ်သူရှိမလဲ….။



0 comments:

Post a Comment

Note: Only a member of this blog may post a comment.

 
Design by