တစ်နေ့တစ်နေ့ ပညာရေးကိုပဲ အာရုံထား ဂရုစိုက်နေရတာ အလျင်မှီအောင် မနည်းကို လိုက်နေရတဲ့ အခြေအနေပါပဲ။ ကျွန်မတို့ တက္ကသိုလ်မှာ စာတွေပိနေတော့ အချင်းချင်း တစ်ယောက်နဲ့တစ်ယောက် တွေ့ကြရင်လည်း သာကြောင်း မာကြောင်းထက် စာကြောင်း ပေကြောင်းပဲ ပြောဖြစ်ကြတာ များပါတယ်။ ယခင် ဒီလို ပညာအရေး ပြောနေကြ မဟုတ်တဲ့ ဟိုယောင်ယောင် ဒီယောင်ယောင် တွေတောင် ဒီ တက္ကသိုလ် ရောက်လျှင် အပိုးကျိုးကာ ပညာသမား စာသမား မဖြစ်ချင်ပဲကို ဖြစ်လိုက်ကြရပါတယ်။ ဘာဖြစ်လို့ဆို.. ဒီတက္ကသိုလ်က အဖိုးကလည်းကြီး ဆရာဆရာမများကလည်း စည်းကမ်းတင်းကြပ် ဘယ်အရာကိုမဆို စာအုပ်ကြီးအတိုင်း လုပ်တတ်တာမျိုးဆိုတာရယ်ကြောင့် ယခုလို ကျွန်မတို့ ရိုးသား ကြိုးစားသော ပညာသည်များ ဖြစ်နေရခြင်း အကြောင်းပါပဲ။
တစ်နေ့ ကျွန်မ ကျောင်းဝိုင်းထဲမှာ ကျွန်မလုပ်ရမယ့် စာတမ်းအသေးလေးတစ်ခု အတွက် ကျွန်မတို့ သူငယ်ချင်းတွေ ဝိုင်းဖွဲ့တိုင်ပင် ဆွေးနွေးနေကြတယ်။ ဒီဘာသာက ကျွန်မ သိပ်မလိုက်နိုင်တဲ့ ဘာသာ ဖြစ်သလို ဘာသာ အနေနဲ့လည်း ခက်ခဲကြောင်း နာမည်ကြီးတဲ့ ဘာသာတစ်ခုလည်း ဖြစ်တယ်။ ကျွန်မ သိပ်စိတ်ညစ်တယ်။ ဒီလောက် ကြိုးစားနေတဲ့ ကြားက အဆင်ပြေတယ်ကို မရှိပါဘူး။ ဒီဘာသာမျိုးကို နယ်မှာတုန်းက တစ်ခါမှ မလုပ်ဖူးတော့ ကျွန်မ သိပ်နားမလည် ဖြစ်ရမယ်။ အဖွဲ့လိုက် လုပ်ရမယ့် စာတမ်းမဟုတ်ပဲ တစ်ယောက်ချင်းဆီ ပြုစုပြီး သက်ဆိုင်ရာ ဆရာဆရာမထံ အပ်ရမယ့် စာဖြစ်တာကြောင့် ကျွန်မ စိတ်မကြီးအကျယ် ဖိစီးမိတယ်။ ကြောက်လည်း ကြောက်မိတယ်။ တစ်ခုခုအဆင်မပြေလို့ ဆရာမ မကြိုက်လို့ ပြန်လုပ်ရတာ အမှတ်မကောင်းတာမျိုး ဖြစ်မှာကို ကျွန်မ သိပ်ကို စိုးရိမ်မိတယ်။
ဒီလို အခက် အခဲတွေ ဖြစ်နေချိန်မှာ မိသားစုနဲ့ဝေးနေပြီး တစ်နယ်တစ်ကျေးမှာ တစ်ယောက်တည်း လာနေနေရတဲ့ ကျောင်းသား တစ်ယောက် အနေနဲ့ ကျွန်မ အားငယ်မိတာ စိတ်ပျက်မိတာ လက်လျော့ ချင်မိတာ ကျွန်မနေရာမှာ ဘယ်သူမဆို ခံစားမိမယ်လို့ ကျွန်မ ထင်ပါတယ်။ ဒီလိုနဲ့ ကျွန်မတို့ သူငယ်ချင်းထဲက တစ်ယောက်က စာမရရင် ကိုယ့်ရှေ့က ဒီလိုစာမျိုးတွေ လုပ်ဖူးတဲ့ စီနီယာလို့ခေါ်တဲ့ ကျောင်းသားကြီး တွေဆီမှာ စာမေးရင် အဆင် ပြေနိုင်မယ်လို့ အကြံပေးတာ ကြားရတော့ တတက် တအား ကျွန်မ ထွက်ပေါက်တစ်ခုရသလို ဝမ်းလည်း သာမိတယ်။ ဒါတောင် ဘယ်သူဘယ်ဝါ ဆိုတာ ကျွန်မ တို့ မသိကြပါဘူး။
တစ်ရက် ကျောင်းဝိုင်းထဲမှာ စီနီယာဆိုတဲ့ ကျောင်းသားကြီးတစ်ယောက်နဲ့ သူငယ်ချင်းတွေ မိတ်ဆက်ပေးလို့ ကျွန်မတို့ ရင်းနှီးခဲ့ကြတယ်။ အဲ့ဒိ စီနီယာ အကိုကြီးကလည်း ကျွန်မတို့နယ်ကလို့ ဆိုပါတယ်။ ကျွန်မသိပ်ကို ဝမ်းသာမိတယ်။ ကိုယ့်နယ်က လူဆိုတာနဲ့တင် ဘာမှ သက်သေတောင်းစရာမလိုပဲ အကြွင်းမဲ့ကို အလိုလို ယုံကြည်နေ မိတယ်။ အားကိုးတယ် ဆိုလည်း မှန်ပါတယ်။ အားကိုးချင်စရာ ကောင်းအောင်လည်း ဒီအကိုကြီးက ဖော်ရွေတယ်။ စိတ်ဖြောင့် စိတ်ရှင်းတဲ့ ဟန်အမူအရာနဲ့ ရိုးသားတဲ့ အကြည့်တွေကို ကျွန်မ ခံစားခဲ့ရလို့ ရပါတယ်။
စာနဲ့ပတ်သက်လို့ အားကိုးရာမဲ့နေတဲ့ ကျွန်မရဲ့ နေ့ရက်တွေထဲကို စီနီယာ အကိုကြီးဆိုသူက ဟီးရိုးကြီး တစ်ယောက်လို ဖန်ဆင်းရှင် တစ်ယောက်လို ကျွန်မ အတွက် စာနဲ့ပတ်သက်သမျှ ကူညီပေးတတ်ခဲ့ပါတယ်။ ယောကျာ်းတွေနဲ့ အထိအတွေ့ မရှိဖူးတဲ့ ခပ်ရိုးရိုး ခပ်ရိုင်းရိုင်း ကျွန်မက သူ့အပေါ် ရင်ခုန် မိတာ တွေတော့ အနည်းငယ် ဆိုသလို ခံစားခဲ့မိပါတယ်။ အိနြေ္ဒရှိတဲ့ ယောကျာ်းတစ်ယောက်ရဲ့ အကူအညီ ရတဲ့အခါ မိန်းကလေး တစ်ယောက်ဟာ ဒီယောကျာ်း အပေါ် ဘာသံသယမှ မရှိသလို ကိုယ့်ကိုကိုယ် အတွက်လည်း ဂုဏ်ယူ မိသလို ခပ်မြောက်မြောက်လေး ဖြစ်နေမိတာ မစမ်းဘူး ထင်ပါတယ်။
စီနီယာဆိုတဲ့ အတိုင်း ကျွန်မ လုပ်နေတဲ့စာတွေ အားလုံးဟာ သူကိုယ်တိုင် ရင်ဆိုင်ဖူးပြီးသား သူကိုယ်တိုင် စိတ်ညစ် ဖူးပြီးသား အပင်ပန်းခံ လုပ်ဖူးပြီးသား ဖြစ်တဲ့အတွက် ကျွန်မကို ကူညီတဲ့ အခါ အရာရာ အဆင်ပြေ ခဲ့ပါတယ်။ ကျွန်မထက် အသက် တစ်နှစ်လောက်သာ ကြီးပေမယ့် ကျွန်မ အတွက်တော့ အားကိုးစရာ အကိုကြီး တစ်ယောက် လိုလည်း ဖြစ်နေတယ် ဆိုတာ ဝန်ခံပါတယ်။ ကျွန်မနဲ့ ကျွန်မ သူငယ်ချင်း အခန်းဖော်က အခန်းမတူ ဘာသာ မတူလို့ ကျွန်မ အခက်အခဲ တွေကို သူလည်း မကူညီနိုင်ခဲ့ပါဘူး။ အမှန်ဆို သူကလည်း ငယ်ငယ်ကလည်းက စာတော်သူတစ်ယောက် ဖြစ်တာမို့ ကျွန်မလိုအပ်တာ အနည်းငယ်လောက်ကိုတော့ သူ့ကို မေးရင် ကျွန်မကို သူမသိတောင် ကြိုးစားရှာပြီး အဖြေ ပေးတတ်ပါတယ်။ သူ့ကြောင့် ကျွန်မ တော်တော်လေး စိတ်သက်သာ ရာတော့ ရရပါတယ်။ ဒါကြောင့် ကျွန်မ ကျွန်မ ဘာသာ အတွက် စာတွေအတွက် ဘယ်လို စိတ်ဖိစီး နေကြောင်းကို သူနဲ့ သိပ်မပြော ဖြစ်ခဲ့ပါဘူး။ သူလည်း သူ့ဘာသာ အတွက် အလုပ်ရှုပ် ကျောင်းနဲ့ အဆောင် နားရတယ်ကို မရှိတော့ ကျွန်မတို့ နှစ်ယောက်လည်း တစ်ခန်းတည်းသာ နေတယ် မမြင် မဆုံတာတောင် ကြာလှရှိပါတယ်။
ကျွန်မမှာ ဒီသဘောကောင်းတဲ့ စီနီယာအကိုကြီး မိတ်ဆွေ အသစ်တိုးလာတာတောင် သူ့ကိုမပြောဖြစ်ခဲ့ဘူး။ ကျွန်မ ဘာကြောင့်များ သူ့ကို မပြောမိတာ ပါလိမ့်လို့ ကိုယ့်ကိုကိုယ် ရိုးရိုးသားသား အမှန်တိုင်း မေးကြည့် ဖူးပါတယ်။ မပြော ဖြစ်ခဲ့တာလား မပြောချင် ခဲ့တာလား မပြောရဲ ခဲ့တာလားလို့ ကိုယ့်ကိုကိုယ် အားမနာတမ်း မရတရဲ မေးလိုက်မိဖူးသေးတယ်။

ကျွန်မ မသိတဲ့ စာတွေကို ကူညီ ဖြေရှင်းပေးနေရာ ကနေ ကျွန်မ မသိတဲ့ အပြင်လောက အကြောင်း တွေကိုပါ စီနီယာ အကိုက ကြုံရင် ကြုံသလိုတော့ ပြောပြ တတ်ပါသေးတယ်။ ကျွန်မ တကယ်ကို ကျေးဇူး တင်မိတယ်။ ဒီမြို့ကို အရင် ရောက်နေတဲ့ ကိုယ်နဲ့ တစ်နယ်တည်း အကို တစ်ယောက်လို ဖြစ်နေသူက မသိ တာတွေကို စိတ်ပါ လက်ပါ ရှင်းပြ ပေးနေတာ တွေ့ရတော့ ကြည်နူးသလို ကျွန်မ ဖြစ်မိတာ အမှန်ပါပဲ။ ကျွန်မက ပိန်တော့ နေမကောင်း ဖြစ်လွယ်တယ်။ မကြာခဏ ဖြစ်တတ်တာ ကတော့ အအေးမိ လွယ်တာပါပဲ။ အအေးမိ တာတင် မကပါဘူး အခြားသူတွေထက် နေမကောင်း ဖြစ်လွယ်တယ်။ ဖြစ်နေကျ ဆိုတော့လည်း သိပ် သည်းသည်း လှုပ်တော့ ကိုယ့်ကိုကိုယ် ဂရုမစိုက်ပါဘူး။
အခုတော့ ကျွန်မထက် ကျွန်မကို ဂရုစိုက်မယ့် သူ ကျွန်မ ဘဝမှာ ရှိလာပါတယ်။ စီနီယာအကို။ ဟုတ်ပါတယ်။ သူက ကျွန်မကို အမြဲ နေမကောင်းမှာကို စိတ်ပူတဲ့သူပါ။ ကျွန်မ နေထိုင် မကောင်းရင် ဆေးမှန်မှန် မသောက် တတ်တာ သိနေတော့ ကျွန်မကို ဆေးသောက်ဖို့ အဆောင်ကို ဖုန်းဆက် ပြီးတောင် သတိပေးလေ့ရှိပါတယ်။ အဆေင်က သိပ်တင်းကြပ်တဲ့ မိန်းကလေးဆောင် မဟုတ်တဲ့အတွက် ယောကျာ်းအသံ ဖုန်းခေါ်တာတော့ လွတ်လွတ်လပ်လပ် စကားပြောဆိုခွင့် ရခဲ့ပါတယ်။ ဒါပေမယ့်.. အလကားနေ အလကား သူများ မျက်စိ စပါးမွှေး စူး အနေ အထိုင် မတတ် သူရယ်လို့ နောက်ကွယ်မှာ ပြောခံ ထိမှာကိုတော့ ကြိုရှောင်ကြဉ်တဲ့ အနေနဲ့ ခဏ ခဏတော့ ဖုန်းဆက်တာ မျိုးမလုပ်အောင် ကျွန်မ အမြဲ တားနေရပါတယ်။
အဆောင်ကို ဖုန်းဆက်တာ တွေကြောင့် ကျွန်မ သူငယ်ချင်း အခန်းဖော် ကျွန်မကို နောက်နောက် ပြောင်ပြောင် စီနီယာ အကို အကြောင်း မေးလာတာ တွေကြောင့် ကျွန်မ ရှက်စနိုးလေးနဲ့ ပြောပြ လိုက်မိပါတယ်။ သူလည်း ဒီလောက်ဆို ရိပ်မိ နေလောက် ပြီပေါ့လေ။ ယောကျာ်းလေး ကိစ္စ အပတ် အသက် ရှင်းတဲ့ ကျွန်မဟာ သူနဲ့ လူတွေ ရိပ်မိ လောက်အောင် အပတ် အသက် လေးတွေ ရှိလာခဲ့တယ်။ ကျွန်မ သူငယ်ချင်းက သဘောတူ ပါတယ်တဲ့။ ကိုယ့် နယ်သား လူကောင်း တစ်ယောက်နဲ့ အမြင် မတော်စရာ မရှိဘူး ဆိုတော့ ကျွန်မကို ဒီအကိုနဲ့ အပြင်သွားတာ ဖုန်းပြောတာတွေကို ကြည်ကြည် ဖြူဖြူ နားလည် ပေးခဲ့ပါတယ်။
ဒီရက်ပိုင်း ကျွန်မ အလိုလို နေရင်းကို ပျော်နေတတ်တယ်။ အကြောင်း မရှိပဲလည်း တစ်ယောက်တည်း ရယ်ချင် ရယ်နေ တတ်သေးတာ။ သြော်.. အချစ်ဆိုတာ ဒါပါပဲလား.. ။ အလိုလို နေရင်းလို ရင်ခုန် လှိုက်မော နေတတ်တာ.. သူ့အကြောင်းတွေးရုံနဲ့ သူရှိနေသလို လက်ဖျားတွေ အေးတက် လာတတ်တာ… သူနဲ့ ပြောဖူးတာလေးတွေ ပြန်စဉ်းစားပြီး ရယ်စရာမဟုတ်တာကို ပြုံးချင်ပြုံးနေတတ်သေးတာ…။ သူကျွန်မကို ချစ်နေတာ သေချာပါတယ်။ နေ့ရောညရော ကျောင်းမှာရော အဆောင်မှာရော သူ ကျွန်မ ကို စိတ်မပူတဲ့ အချိန်ကို မရှိဘူး။
0 comments:
Post a Comment
Note: Only a member of this blog may post a comment.