မြို့မှာ ကျောင်းလာ တက်ဖို့ကို ကျွန်မ တသက် စိတ်ကူးယဉ် ဖူးတာတော့ အတော်လေး ကြာခဲ့ပါပြီ။ တကယ့် တကယ် မြို့တော်ကြီးကို ဆိုက်ဆိုက် မြိုက်မြိုက် ရောက်လာဖို့ အတွက်ကတော့ ပြင်ဆင် စရာတွေ များလိုက် စမ်းပါဘိ။ စိတ်မော လူမောပါပဲ။ ကိုယ်ပဲလား ဆိုတော့ မဟုတ်ပြန်ဘူး… ကိုယ့်မိသားစုဝင် တွေပါ ပင်ပန်းရပါတယ်။ ကျွန်မ နေတဲ့ မြို့လေးက ခုရောက် နေတဲ့ မြို့ကြီးနဲ့ အလှမ်း ဝေးလှတယ်။ ချောင်ကြတယ် ပေါ့လေ။ သို့သော်လည်း.. ကျွန်မရဲ့ ကြိုးစား အားထုတ် မှုကြောင့် ထိုက်သင့် သလောက်တော့ အကျိုးထူး ရပါတယ် ဆိုမလားပေါ့။
ပညာကို ကြိုးစား သင်ချင်တဲ့ ကျွန်မ အဖို့ဆိုလည်း တကယ့် အိပ်မက်ကြီး လိုပါပဲ။ တစ်နေ့တစ်နေ့ အဖက်ဖက်က အဆင်သင့် ဖြစ်နေစေဖို့ ကျွန်မ မအိပ်မနေ ကြိုးစား ခဲ့ရတာပါပဲ။ ကျွန်မ အဘက အလုပ်ကို ကြိုးစား လုပ်ကိုင် ပေးပြီး အမေကြီးကတော့ ကျွန်မ စာလုပ်နေစဉ် လိုအပ်တာ လေးတွေကို တိုလီမိုလီလေးတွေက အစ လိုက်ပံ့ပိုး ပေးတတ်သူရယ်ပါ။ ရေပူရေချမ်း ကမ်းလှမ်း ပေးတတ်သူပါ။ မောင်နှမ လေးယောက် ထဲမှာလည်း ကျွန်မ တစ်ယောက်ပဲ ထူးချွန်တယ် ဆိုလို့ရပါတယ်။ အမတွေ အကိုတွေက ဆယ်တန်းလောက် ဖြစ်ဖြစ်မြည်အောင် မနည်း ကြိုးစား ပြီးမှ စာဆို စာကလေးတောင် မမြင်ချင်လောက်အောင် စာကျက်ပျင်းပါတယ်။ စာမလုပ်ချင်လွန်းလှတဲ့ ပြင်းပြင်းပြပြ စိတ်ဆန္ဒကြောင့် အဘတို့ လယ်ယာ အလုပ်ကိုပဲ မိသားစု စီးပွားလေးအဖြစ် တတ်နိုင်တာထက် ပိုပြီး ကြိုးစား လုပ်ကိုင် ပေးကြပါတယ်။ အငယ်ဆုံး ဖြစ်တဲ့ ကျွန်မ တစ်ယောက်ပဲ ဘယ်လို ကံဇာတာ ပါလာလို့ ဥာဏ်ပွင့်လင်းတယ် မသိပါဘူး စာကလွဲရင် ကျန်တာ မလုပ်ချင်ပေါင် ဆိုတာမျိုး ဖြစ်နေတယ်။
ဒါကြောင့်လည်း ပြိုင်ဘက်မရှိ ကျွန်မ တစ်ယောက်တည်း သင်လိုတဲ့ ပညာ တတ်ရောက်လိုတဲ့ နေရာ အရပ်ကို အတား အဆီး မရှိ လိုသလို တတ်နိုင်ပြီး မရမက ပံ့ပိုးပေးမယ့် မိသားစု ကြီးကြီး တစ်စု ကလည်း ကျွန်မ နောက်ကျောမှာ ကျောထောက်နောက်ခံတစ်ခု အဖြစ်နဲ့ မားမားမတ်မတ် ရပ်တည်ပေးလျက်ရှိပါတယ်။ ဒါလေးတွေကြောင့် ကျွန်မ မှာလည်း စိတ်ဖြောင့်ဖြောင့်နဲ့ကို လိုရာကိစ္စ ဝိစ္စ တို့ကို အချိန်တို အတွင်း ပြီးမြောက်အောင် လုပ်ဆောင်နိုင်တယ်ဆိုတာ စမ်းလှတယ်တော့ မဟုတ်ပါဘူး။
ဒီလိုနဲ့ ပညာ သင်မယ့် မြို့ကို ရောက်လာ ပြီးမှပဲ ကျွန်မလည်း ကောင်းကောင်းနားရတော့တယ်။ ဟုတ်တယ်လေ.. ဒီမြို့ကြီး ပြကြီးကို မရောက်နိုင်ခင်အထိကတော့ စိတ်ပူလိုက်တာ အစစအရာရာ အတွက် စိတ်ပိုင်းဆိုင်ရာလည်း ပူပင်ကြောင့်ကြ ဖြစ်ရတယ်.. လူပိုင်းဆိုင်ရာလည်း ဟိုပြေးဒီပြေး ဟိုစာရွက်ရှာ ဒီစာရွက်ရှာနဲ့။ ဒါကြောင့်မို့ ပြောရတာပေါ့ စိတ်မော လူမောရယ်ပါလို့။
ရောက်လာ တော့လည်း အိမ်မှာလိုမဟုတ်ဘူး။ အဆောင်နေရတာဆိုတော့ ကျွန်မနဲ့ နေမယ့် မိန်းကလေးဖော် တွေကိုလည်း အနည်းငယ်တော့ အကဲခတ်ရသေးတယ်။ ကျွန်မနဲ့တူတူနေမယ့် အခန်းဖော် ကတော့ ကျွန်မ ငယ်သူငယ်ချင်းပါ။ အလယ်တန်း အထက်တန်းကို တူတူ တစ်မြို့ထဲက တက်လာကြတဲ့ စိတ်တူ ကိုယ်တူ စရိုက်တူ အကြိုက်တူ ဆိုဒ်တူ ဂိုက်တူ တွေပေါ့။ ဒါလေးတစ်ခုတော့ ကျွန်မ စိတ်သက်သာသလို စိတ်ချမ်းသာ ရပါတယ်။ ကိုယ်မကျွမ်းကျင်ရာ မြို့ကြီးမှာ ခုမှ တွေ့တွေ့ချင်း သူစိမ်းတွေကိုတော့ စိတ်ဖြောင့်ဖြောင့်နဲ့တော့ ဘယ်ယုံကြည်လို့ ဆက်ဆံရဲပါ့မလဲ။ ကျွန်မကလည်း ပြောရရင်တော့ လှေနံဓါးထစ် ဒါဆိုဒါ ဒီလူနဲ့ အဆင်ပြေရင် ဒီလူနဲ့ပဲ.. တွေ့ကရာ လူနဲ့လည်း အပေါင်းအသင်းမလုပ်တတ်ဘူး။ ဒါကြောင့် ကျွန်မ စိတ်ရောလူရော ခင်မင်ရတဲ့သူက ဒီလို ကျွန်မ အထက်တန်းကျောင်းစိမ်းဘဝထဲက ပေါင်းသင်းလာတဲ့ သူတွေပဲရှိတယ်။
ခုတော့ ကျွန်မတို့ သိပ်တန်ဖိုး ထားတဲ့ တက္ကသိုလ် ကိုလည်း တန်ဖိုးရှိတဲ့ မြို့ကြီးပြကြီးမှာ ငယ်သူငယ်ချင်းနဲ့ တူတူ နေပြီး တက်ရမယ်ဆိုတော့ ကျွန်မ စာကိုသာ အာရုံစိုက်ထားဖို့ ရှိတော့ တာပေါ့။ မြို့ကြီး ပြကြီးမှာ ကျောင်းတက် နေကျ ကျောင်းသား တွေနဲ့ ကျွန်မ တို့လို မြို့မကျ တောမကျ ချောင်ကျကျ နယ်မြေက အခြေခံ ပညာ သင်လာတဲ့ သူတွေနဲ့ ယှဉ်လို့တော့ ဘယ်ရပါ့မလဲ။ ကျွန်မတို့ဘက်က ပိုပြီး ကြိုးစား ဖို့တော့ လိုတာပေါ့။ အခြေခံကကွာလာတော့ အခြားကျောင်းသားတွေနဲ့ အမှီလိုက်နိုင်ဖို့ စာမေးပွဲတွေ ဖြေဆိုဖို့ဆိုတာ အရင် ကြိုးစားတာ ထက်ကို အဆ များစွာ အထပ်ဆင့်ဆင့် လုပ်ရတော့မှာပေါ့။
ကျွန်မက အေးအေး ဆေးဆေးပဲ နေတတ်တယ်။ ကိုယ့်နယ် မှာတည်းကလည်း အိမ်ထဲက သိပ်ထွက် လေ့ရှိတာ မဟုတ်ဘူး။ ကိုယ်စိတ် ပါရာ လုပ်ချင်တာလေးတွေကိုပဲ ကုန်းကုန်း ကုန်းကုန်းနဲ့ လုပ်တတ်တာ။ ဟိုလျှောက်လည် ဒီလျှောက်လည် လည်း စိတ်မဝင်စားပါဘူး။ ဒီအရွယ်သာ ရောက်လာတာ အခြားမိန်းမသားများလို ယောကျာ်းသနာ စိတ်ဝင်စားလှတယ်လည်း မရှိဘူး။ ဒါကြောင့် အဘတို့ အမေတို့ကလည်း ကျွန်မဆို ဒါမျိုး ကိစ္စ သိပ်စိတ်ချတာ။ ကျွန်မလည်း ကိုယ့်ကိုကိုယ် စိတ်ချတယ်။ ဒါတွေက အချိန်တန် မဖြစ်ချင်တောင် ဖြစ်လာမှာပဲ.. သူ့အချိန်နဲ့ သူဆိုတာ ရှိတယ်လေ။ အမေကြီး ပြောဖူးသလို အချိန်အခါမဟုတ်တာတွေကို အချိန်မရောက်သေးခင်လုပ်မိရင် အချိန်မတိုင်ခင် အချိန်ရှိတိုင်း နောင်တ တရားကိုပွေ့လို့ စိတ်ဆင်းရဲ နေရမယ်ဆိုတာ။ ကျွန်မ အမြဲ အမှတ်ရနေမိပါတယ်။ အမေက တောသူကြီးလို ရိုးရိုးကြီး လူတောလည်း သိပ်မတိုး လူကြားလည်း သိပ်မသွားတတ်ဘူး။ စကားပြောဖို့ကိုလည်း ရှည်မယ် ထင်ရင် မပြောတတ်ဘူး။ သူ့ဘာသာ အေးဆေးကြီး ကွမ်းအစ်ကြီးယူပြီး ကွမ်းသီး ခွဲခွဲနေတတ်တာ။ ကျွန်မ ကိုတော့ ကွမ်းသီးတောင် မတော် တဆများ မခွဲခိုင်း ဖူးဘူး။ ဒါ ပညာတတ်တွေ လုပ်ရမှာ မဟုတ်ဘူးတဲ့။ အဲ့လို ကြံဖန် ကျွန်မကို အထင်ကြီး တတ်သူ။
သြော်.. အမေနဲ့ဝေးတော့ အမေ့ကိုတော့ လွမ်းမိသား။ သို့သော်ငြားလည်း အမေနဲ့ခွဲတဲ့နေ့က မျက်ရည်တောင် ကျွန်မ မကျခဲ့။ အဲ့လို အသည်းမာတတ်သူရယ်။ အမေ့အတွက်တော့ စိတ်ချရပါတယ်။ သူ့မှာ ယောကျာ်းရယ် သားတွေသမီးတွေရယ် ခြံခြံရံရံနဲ့ စည်ကားနေတာပါ။ ကျွန်မမှာဖြင့် အခန်းဖော်ရယ် စာအုပ်တွေရယ် ကျွန်မကိုယ်ကျွန်မရယ်။ တစ်နည်းဆိုရင်တော့ အထီးကျန်နေသည် ပေါ့။ ဒါပေမယ့် ကျွန်မ နေတတ်ပါတယ်။
ရောက်စ ကဖြင့် ကျွန်မ နေရခက်လိုက်တာ။ သူ့အရပ် သူ့ဇာတ် ဆိုသလို ဝတ်တာစားတာ သွားတာ လာတာ နေတာ ထိုင်တာ ပြောတာ ဆိုတာတွေကလည်း ကျွန်မတို့ အရပ်နဲ့ မတူ။ ခေတ်မှီလိုက် ခေတ်ဆန် လိုက်တာနဲ့ ဘိလပ် မြို့များ ရောက်နေ သလား အောက်မေ့ ရတယ်။ ခေတ်ပေါ်ပစ္စည်းတွေကလည်း စုံလင်များပြားလိုက်တာ။ ကျွန်မ နယ်လေးကို သတိရလိုက်တာ။ အမေတို့ အစ်မတို့ကို ပြချင် လိုက်တာ။ သူတို့ဆို သဘောတွေကျကြမှာ။ ကိုင်ကြည့် စမ်းကြည့်ကြမှာဖြင့် အမော ထင်ပါရဲ့။ ကျွန်မကတော့ ဒါတွေ သိပ်စိတ်မဝင်စားပါဘူး။ ကိုယ့် ကျောင်းစာနဲ့ ကိုယ် စိတ်တော်တော် ပင်ပန်း ဆင်းရဲ နေရတာ။ သူတို့ ခေတ်ပေါ်တွေလည်း ကျွန်မတို့ အနားမကပ်နိုင်ပါဘူး။ ခပ်ဝေးဝေးက လှမ်းကြည့် ရင်တောင် ကိုယ်ဘဝကိုယ် စိတ်အားငယ်ပြီး သတ်သေ လောက်တယ်။ ဒါကြောင့် ကိုယ့်ပစ္စည်း ကိုယ်နဲ့ဆိုင်တာလေးသာ မျက်လုံးထဲ ထားတယ်။ မဟုတ်ရင် စိတ်ဆင်းရဲရလို့။
အဲ… ကျွန်မ အခန်းဖော် ငယ်သူငယ်ချင်းကတော့ မိုက်ပါရဲ့။ ဒီမြို့ရောက်တာဖြင့် ကျွန်မနဲ့တူတူသာဆိုတယ် သူ့ကို ဒီမြို့သူလို ပြောရင် မယုံနိုင်စရာမရှိ။ ကြည့်ကောင်းလိုက်တာ သူ့ကိုယ်လုံးကိုယ်ပေါက်နဲ့ အရပ်အမောင်းနဲ့ ခေတ်မှီ အဝတ်အစားလေးနဲ့။ ကျွန်မ ကြည့်ကောင်းကြောင်းနဲ့ ကြည့်နေလိုက်တာ ကျွန်မ ကိုယ်ကျွန်မ ကြည့်ဖို့တောင် မေ့နေတယ်။ ဟုတ်တယ်လေ.. ကိုယ်ကိုယ်တိုင်ကျ ကျွန်မ မပြင်မဆင်နဲ့ နယ်ရုပ်က ယခင်အတိုင်း။ ကျွန်မတို့ ပြောနေကျအတိုင်းပြောရရင်တော့ ကြည့်လို့ထွက်တယ်ပေါ့။ ဘယ်နယ်က လာသလဲ ဆိုတာ။
ဒါကြောင့် ကျွန်မ သူငယ်ချင်းက ကောင်းရှာပါတယ်။ သူဝယ်တဲ့ ဆိုင်တွေ လှတဲ့ပတဲ့ အရာတွေကို သူနဲ့ တူတူ သွားလို့ လမ်းကြုံတယ်ဆို ခေါ်ခေါ် ပြတယ်။ ဝယ်တာတော့ ကိုယ့်အကြောင်းနဲ့ကိုယ် ဝယ်ပေါ့လေ။ ဟုတ်တာပေါ့ သူလည်း ကျောင်းသား ကျွန်မလည်း ကျောင်းသား ရုန်းတုန်းကန်တုန်း။ စေတနာနဲ့ လိုက်ပြ ပေးတာပဲ ကျွန်မ ဝမ်းသာလှပါတယ်။ ပစ္စည်း တူတူချင်းသုံးတောင် သူနဲ့တော့ဖြင့် ကြည့်ကောင်း သော်ငြားလည်း ကျွန်မနဲ့ဆို သင့်တော်ပါ့မလား ဆိုတဲ့ အရေးကလည်း ရှိသေးတယ်။ ကျွန်မကလည်း ရိုးရိုးသားသား ဝန်ခံရရင်ဖြင့် ကိုယ်လုံး ကိုယ်ထည် ဖွံ့ဖွံ့ဖြိုးဖြိုးရယ် မရှိ ခေတ်စကားပြောမယ်ဆို ပြားချပ်ချပ်ရယ်နှင့်။ ခံယူတတ်ရင်တော့ မော်ဒယ်လေးလို့ တင်စားနိုင်တဲ့ အခြေအနေမျိုးပါပဲ။ သို့သော်လည်း မခံယူတတ်တော့ ဝါးခြမ်းပြားရယ်လို့ နယ်မှာတုန်းကတော့ အချီးမွမ်းခံရဖူးပါဘိ။
(ဆက်လက်ဖော်ပြပါမည်...)
(ဆက်လက်ဖော်ပြပါမည်...)
0 comments:
Post a Comment
Note: Only a member of this blog may post a comment.