Saturday, April 6, 2013

ကောင်လေးနဲ့ ကောင်မလေး



ဟိုးရှေးရှေးတုန်းက…………….

ကောင်လေး တစ်ယောက်က ကောင်မလေး တစ်ယောက်ကို ပြောလိုက်တယ် အရမ်း ချစ်တယ် တဲ့.. ။
ကောင်မလေးက ကြောက်သလိုလိုလေး ဖြစ်ပြီးတော့ ပြန်ပြောတယ် မချစ်ချင်ပါဘူး..  သူငယ်ချင်း လိုဘဲ နေရအောင် ပါတဲ့.။ ဒါမှ ပိုခိုင်ခိုင်မြဲမြဲနဲ့ ကြာကြာရှည်ရှည် ချစ်လို့ရမှာတဲ့..။ ကောင်လေးက လက်မခံပါဘူး..။
ချစ်သူတွေလောက် ဘယ်အရာက ပိုခိုင်မာနိုင်မှာ မို့လို့လဲတဲ့ သူငယ်ချင်းတွေက မခွဲ နိုင်အောင် ချစ်တတ် လို့လားတဲ့…ပြန်ပြောလိုက်တယ်..။
ကောင်မလေးက ကြောင်တောင်တောင် ပြန်စဉ်းစား လိုက်တယ်..။
ဟုတ်တယ်နော်တဲ့..။

ကောင်လေးက ဆက်ပြောတယ်။  နင်နဲ့ သူငယ်ချင်းလို နေမယ့် အစား နင် မုန်းတာကိုဘဲ ငါခံလိုက်တော့မယ်..  ငါ့ကို ရန်သူ တစ်ယောက်လို သဘောထား လိုက်ပါတော့တဲ့..။

ကောင်မလေး မျက်လုံးလေး အရောင် လက်သွားတယ်..။ ပြီးတော့ ၀မ်းနည်း သလို အသံငယ်လေးနဲ့ပြောတယ်။

နင်က လူကောင်း တစ်ယောက်ဘဲ .. ကိုယ့်အပေါ် ကောင်းတဲ့ လူကောင်း တစ်ယောက်ကို ငါက ဘယ်လိုလုပ် မုန်းရမှာလဲ ဘယ်လိုလုပ် ရန်သူတွေလို နေလို့ရမှာလဲတဲ့… ။

ကောင်လေးက ပြုံးလိုက်တယ်..
ဒါဆိုချစ်လိုက်ပေါ့ဟာ..။
မချစ်ရဲပါဘူးဟာ..ဒီလိုဘဲနေရအောင်ပါ…တဲ့။
ကောင်လေးမျက်နှာပျက်သွားတယ်..ပြီးတော့စိတ်ဆိုးသလိုလေးနဲ့…။
အေးပါ.. နင်နဲ့ငါက မတန်ပါဘူး.. ငါနောက်ကို နင်နဲ့ချစ်သူဖြစ်ဖို့ မကြိုးစား တော့ပါဘူး.. နင်လည်း စိတ် ချမ်းချမ်းသာသာနေပါတော့…
ငါနင်ဖြစ်စေချင်သလိုနေပါတော့မယ်တဲ့။

ပြီးတော့ ကောင်မလေး အတန်းထဲကနေ ခေါင်းလေး ငိုက်စိုက် ငိုက်စိုက်နဲ့ ထွက်သွားတော့တယ်.. ။ ထွက်သွားတဲ့ ကောင်လေး ကျောပြင်ကို ငေးကြည့်ရင်း ကောင်မလေး အရမ်း စိတ်မကောင်း ဖြစ်သွားတယ်.။ အရမ်း ချစ်တယ်လို့ ပြောနေတာက ကောင်လေး..။ ဒါပေမယ့် အရမ်းချစ်လို့ ဘာမှ ပြန်မပြောနိုင်တာက ကောင်မလေး။ ဘယ်လောက်မှ မကြာဘူး ကောင်လေး အတန်းထဲကို ကောင်မလေး လိုက်လာခဲ့တယ်.. ။
ပြီးတော့ကောင်လေးလက်ကိုလှမ်းဆွဲလိုက်ပြီး..။
ငါနင့်ကိုချစ်ပါတယ်ဟာ..တဲ့…။
 ကောင်လေး မျက်လုံးတွေ အရောင် တောက်သွားတယ်..။ ဒါပေမယ့် အံ့သြမှုတော့ မတွေ့ရဘူး..။ ကောင်မလေး အတွက် အလွန့်အလွန် စွန့်စားမှု တစ်ခု ဖြစ်ပေမယ့် ကောင်လေး အတွက်ကတော့ ဖြစ်နေကြ အရာတစ်ခုမို့လို့ အကျင့် ဖြစ်နေတာ ထင်တယ်။ ကောင်မလေး နည်းနည်းတော့ အံ့သြ သွားတယ်။ သူထင်တာ ကောင်လေး အရမ်း ပျော်သွားမယ် ထင်တာ.. ဒါပေမယ့် ကောင်မလေး ဘာမှ မပြောခဲ့ပါဘူး.. ကောင်လေး နားငြီးမှာ စိုးလို့ပါ။

ကောင်လေးက ပြောဖူးတယ်။ သူ ချစ်သူတွေ များတာ ဟုတ်ပါတယ်.. ဒါပေမယ့် ချစ်တယ်လို့ ဘယ်တုန်း ကမှ မပြောဖူးဘူး တဲ့ ကြိုက်တယ် လို့ဘဲပြောတာတဲ့.. ကောင်မလေး အရမ်း ပျော်သွားတယ်.. ကောင်မလေး ကိုကျမှ သူက ချစ်တယ် ပြောတာပေါ့နော်… ။ အရင်က ဘယ်သူတွေနဲ့ တွဲခဲ့တွဲခဲ့ ကောင်မလေး ကိုသာ သူ့ဘ၀ပါပုံ ရအောင် ချစ်တဲ့ သူ့ပိုင်ရှင် တစ်ယောက်ပါတဲ့။ ကောင်လေး အမြဲ ပြောဖူးတယ်..။ ကောင်မလေး အမြဲ ပြုံးနေခဲ့ဖူးတယ်.။ ပတ်ဝန်းကျင်က ကောင်လေး မကောင်းကြောင်းတွေ ကောင်မလေးကို ပြောပြောနေပေမယ့် ကောင်မလေးက အပြုံး မပျက်ခဲ့ဖူးဘူး..။ ကောင်မလေးက ယုံကြည် နေတာကိုး.. ကောင်လေး သူနဲ့တွေ့တော့ အရင်က အတိတ်ဆိုးတွေကို ရှေ့ဆက် မတိုးတော့တာ.. ဒါကြောင့် ကောင်မလေး ကလည်း နောက်ကြောင်း မကောက်ခဲ့ဘူး…။

ကောင်လေးက ပြောတယ် .. စိတ်ထဲမှာ အရမ်းချစ် နေတာဘဲ အပြင်မှာ သူများတွေ မျက်စိနောက်အောင် လျှောက်လည်စရာ မလိုပါဘူးတဲ့။ စာလုပ်တဲ့ချိန် တွေ့ရင် အဆင်ပြေတာပဲတဲ့။ ကောင်မလေးလည်း လက်ခံတယ်။
ဟုတ်တယ်လေ။ တူတူတွေ့ရင် ပြီးတာပဲ.. ဘာလုပ်မှာလဲ.. လမ်းထွက် လျှောက်တော့…။

ကောင်လေးကို အစ်မကြီး တစ်ယောက်နဲ့ စကား ပြောနေတာ ကောင်မလေး တွေ့တယ်.. ဘာမှမမေးခဲ့ဘူး။ ကောင်လေးကဘဲ မေးစရာ မလိုအောင် ဖြေခဲ့တယ်။ သူ့ သူငယ်ချင်းချစ်သူ ပါတဲ့.. သူ့သူငယ်ချင်းနဲ့ အဆင်မပြေလို့ သူ့ကို လာအကူအညီ တောင်းနေတာပါတဲ့.. ကောင်မလေး ကျေနပ်စွာ ပြုံးပြီး ချက်ချင်း စိတ်အေးသွားတယ်။ 

ကောင်လေးကို ကောင်မလေး သူငယ်ချင်းမလေး တစ်ယောက်နဲ့ တူတူတွေ့လိုက်တယ်။ ပတ်ဝန်းကျင်က ပြောနေတာတွေ ဟုတ်နေသလား။ ကောင်မလေး နည်းနည်း တွေးမိတယ်.. ဒါပေမယ့် တစ်ချက်မှ ကောင်လေးကို ကောင်မလေး မမေးဖူးဘူး။ ဘယ်လို ပတ်သက်မှုရှိလဲ.. ကောင်လေးကဘဲ အရင်ဦးအောင် ပြောပြောပြတယ်.. သူက စာတော်လို့ မသိတဲ့ စာတွေ မေးနေတာပါတဲ့..။ ကောင်မလေး ဆက်မမေးတော့ဘဲ ချက်ချင်း ခေါင်းညိတ် လက်ခံလိုက်တယ် ဟုတ်တယ်လေ.. သူက ကျောင်းမှာ စာတော်တယ်.. ကျောင်းကဆရာမသမီး.. ကိုယ်မလုပ် ပေးနိုင်တာကို တခြား တစ်ယောက်က လုပ်ပေးတာ စိတ်တိုစရာ မလိုပါဘူး.. ချစ်သူတောင် စာပိုရတယ်.. ကောင်မလေးတွေးလိုက်တယ်..။

တော်တော် ဆိုးတာဘဲ .. တစ်စုံ တစ်ယောက်ဆီက ကောင်မလေး ပြန်ကြားလိုက်တယ်။ ကောင်လေးက ကောင်မလေးကို တကယ် မချစ်ပါဘူး။ သဘောကောင်းတဲ့ မိန်းကလေးမို့ ချစ်သူလုပ်တာပါတဲ့။ ကောင်မလေး ဒေါသ နည်းနည်းတော့ ထွက်မိသွားတယ်။ ကောင်လေးကို လုံးဝ မမေးဖူးပါဘူး။ ကောင်လေးကဘဲ ပြောပြတယ်။  သူငယ်ချင်း တစ်ယောက်က မေးတာ တကယ် မချစ်ပါဘူးလို့ ဖြေလိုက်တယ်တဲ့ အဲ့ဒိ သူငယ်ချင်းက ကောင်လေး မိဘတွေ ပြန်ပြောမှာ စိုးလို့ ပေါ့ပေါ့ပါးပါးပုံ ပြန်ပြောလိုက်တာပါ။ တကယ်တော့ ကောင်လေးက ကောင်မလေးကို တကယ်ချစ်တာပါတဲ့။

ကောင်မလေး လက်ခံလိုက်တယ်။ ဟုတ်တယ်လေ.. အသက်ငယ်ငယ် ချစ်သူထားတော့ မိဘတွေ သိပြီး ကောင်လေးနဲ့ ကောင်မလေးဝေးရင် ကြေကွဲရမှာပေါ့..။ ကောင်မလေး ဘာမှ မပြောပါဘူး..။

ကောင်မလေး သူငယ်ချင်းတွေနဲ့ မုန့်ထွက်စားတယ်။ ဆိုင်မှာ ကောင်လေးနဲ့ မိန်းကလေး တစ်ယောက် လက်ကိုင်ပြီး စကားပြောနေတာ တွေ့လိုက်တယ်။ ရုတ်တရက်ဆိုတော့ ကောင်မလေးလည်း ဘာလုပ်ရမှန်း မသိလို့ ဘာမှ မသိချင် ယောင်ဆောင်ပြီးတိတ်တိတ်ကလေးရှောင်ပေးလိုက်တယ်။

နောက်နေ့ ကောင်မလေး ဘာမှမပြောရသေးဘူး။ ကောင်လေး ကောင်မလေးဆီ လာပြောတယ်။ ကောင်မလေးတွေ့တဲ့ မိန်းကလေးက သူ့ အရမ်းခင်ရတဲ့ အရမ်းကို ရင်းနှီးလွန်းရတဲ့ သူငယ်ချင်းပါတဲ့.. ရင်းနှီးလို့ ယောကျာ်းလေးချင်း လိုဖြစ်နေတာ ပါတဲ့.. အမှန်တော့ ကောင်လေးမှာ အရမ်း ချစ်စရာ ကောင်းတဲ့ ကောင်မလေး ရှိတာ ကောင်မလေးကို အရမ်း ချစ်တာ အဲ့ဒိ သူငယ်ချင်းလည်း သိပါတယ်တဲ့။ ကောင်မလေးစိတ်အေးသွားတယ်။
ပြီးတော့ပြုံးလိုက်တယ်။

မနက်ဖြန် မနက်၇နာရီ အစောကြီးသင်မယ့် ဘာသာ မှတ်စု ကောင်လေးမှာ ပျောက်နေတယ်။ အဲ့ဒိ ဘာသာသင်တဲ့ ဆရာကလည်း အရမ်းကြောက်စရာ ကောင်းလောက်အောင် ကြပ်တဲ့ ဆရာ။ ကောင်မလေးကို ပြောတယ် သူတော့ ဒုက ရောက်နေပြီပေါ့။ ညကြီး မင်းကြီး ဖုန်းဆက်ပြောတော့ ကောင်မလေး ဘာမှ လုပ်ပေးလို့မရဘူး။ ဒါနဲ့ တညကြီး ကောင်မလေးဆီက မှတ်စုစာရွက်က စာတွေကို ကောင်မလေး ကွန်ပျူတာနဲ့တညလုံး ရိုက်ပြီး မှတ်စု စာရွက် ဖြစ်အောင် လုပ်ပေးတယ်.. စာလုံး အမျိုးအစား အရွယ်အစားပါ တူအောင် လုပ်ပေးတယ်။
ကောင်လေးကတော့ မသိရှာဘူး။ ကောင်မလေးက ညဘက်ကြီး ကြိတ်ပြီး စာရိုက်နေတာ။ ကောင်မလေး လုပ်စရာစာတွေ ဘာမှမလုပ်ဘဲ အညောင်းခံ လုပ်ပေးတယ်.. နောက်နေ့ ကောင်လေးကို မျက်နှာလုပ်ပြီး အံ့သြအောင် ပေးလိုက်တယ်။  ကောင်လေးက ဒီတိုင်းဘဲ လှမ်းယူလိုက်တယ်။ သူထင်နေတာ ကော်ပီဆွဲတယ် ထင်နေတာ. တကယ်တော့ ကောင်မလေး ကိုယ်တိုင် စာရိုက် ပေးထားတာပါ။ ကောင်လေးကတော့ မသိခဲ့ဘူး။ တကယ်ဆို စာသားအရောင်စိုနေတာကို ကြည့်ပြီး တိုက်ရိုက်စက်နဲ့ ထုတ်ထားတဲ့ စာဆိုတာ သိသာပါတယ်။ ကောင်လေးကသာသေချာမကြည့်တတ်ခဲ့တာပါ။

ကောင်မလေးကို ပတ်ဝန်းကျင်က သနား ကြတယ်တဲ့။ ကောင်မလေးဖြင့် နားမလည်နိုင်ဘူး။ ကောင်လေးက သူ့အပေါ် ဒီလောက်ချစ်တာ .. ဘယ်သူသိတာ မို့လို့လဲ… လို့ ကောင်မလေး တစ်ခါမှ နားမလည်နိုင်ခဲ့ဘူး.။

ခဏခဏ ကောင်လေးကို တခြားသော မိန်းကလေးတွေနဲ့ တွေ့တယ်။ ကောင်လေး က အမြဲ ပြောပါတယ်။ သူ့ အရင်က ချစ်သူတွေ ဘာတွေပေါ့တဲ့… သူနဲ့ ကောင်မလေး အရမ်း ချစ်နေတာကို မနာလိုလို့ လိုက်ဖြတ်ချင်နေတာ ပြောတယ်… တကယ်လို့ ကောင်မလေးက စိတ်ဆိုးလိုက်ရင် သူတို့ ဖြစ်စေချင်သလို ဖြစ်သွားမှာပေါ့တဲ့.. အဲ့တော့ ပိုချစ်ပြလိုက်ပေါ့ တဲ့.. ကောင်မလေး မျက်စောင်းထိုးပြီး ပြောဖူးတယ် ဒါတော့ ဘယ်ရမလဲ … သူတို့ ကြည့်မရအောင် ပိုချစ်ပြလိုက်မှာပေါ့..တဲ့။

တစ်ခါတစ်လေ ကောင်လေးက ကောင်မလေးကို တွေ့တာတောင် မခေါ်ဘူး. ကောင်မလေးက ကြောင်တောင်တောင်နဲ့ လိုက်ခေါ်ရတယ်.. ကောင်လေးက ပြောတယ်. တစ်ခါတစ်လေတော့ စိတ်ရှုပ်နေတဲ့ အချိန်လည်း ရှိတာပေါ့တဲ့… နားလည်မှု မရှိဘူးလားတဲ့ .. အပြစ်တောင် တင်လိုက်သေး.. ဟုတ်ပါတယ် .. ကောင်မလေး ဘာမှ မပြောတော့ဘူး.. ကောင်မလေးကြောင့် ကောင်လေး စိတ်ပိုညစ်မှာ လုံးဝ မဖြစ်စေချင်ဘူးလေ..။

ကြာတာနဲ့ အမျှ ကောင်လေးက ကောင်မလေး ရှေ့မှာတောင် ဘာမှမဖြစ်ဘဲ တခြား မိန်းကလေးတွေ အကြောင်း သူငယ်ချင်းတွေနဲ့ ပြောနေတတ်တယ်…။ ကောင်လေးက ပြောတာဘဲ ဘယ်သူတွေ အကြောင်းပြောပြော တကယ် ချစ်တာက ကောင်မလေးပါပဲတဲ့.. ဒါနဲ့ ကောင်မလေး နားလည် ပေးလိုက်တယ်..

ကောင်လေးက သူ့ထက် အသက်ကြီးတဲ့ ဆရာမ လုပ်နေတဲ့ အစ်မကြီးကို ကြိုက်လို့ အဲ့ဒိဆရာမလေးနေတဲ့ ပုသိမ်မြို့ကိုတောင် လိုက်သွားပြီး လျှောက်လည်တယ်။ လက်ဆောင်တွေလည်း ပေးတယ်တဲ့။ ကောင်လေး သူငယ်ချင်းက ကောင်မလေးဘက်က မခံနိုင်လို့ ပြောပြတယ်။ ကောင်မလေး အရမ်းကို စိတ်မကောင်းဖြစ်သွားခဲ့တယ် ဘယ်လောက်နားလည်မှုရှိရှိ.. ဘယ်လိုမှမခံစားနိုင်ဘူးပဲ။ ကောင်မလေး မျက်နှာဝိုင်းသွားအောင် နှလုံးသားမှာ ထုံကျင်ပြီး ရင်ဘတ်ထဲက အောက်နေအောင် ခံစားလိုက်ရတယ်။ ဒါပေမယ့် အရင်လိုပါပဲ ခံစားချက်တွေအားလုံး မြိုချလိုက်ရတာပါပဲ။                                 

ကောင်လေးကို မေးတော့ ကောင်လေးက ဘာမှ ရေရေရာရာမဖြေဘူး။ စကားထဲ ထည့်ပြောစရာမှ မလိုတာတဲ့။ အဲ့လောက် ထည့်ပြောနေရလောက်အောင် အရေးမကြီးဘူးတဲ့။ အဲ့ဒိဆရာမလေးကို အပျော်ပါတဲ့။ ကောင်မလေးကိုသာ တကယ်အတည် ချစ်တာတဲ့။ ကောင်မလေး ဘာမှမပြောတော့ဘူး.

ကောင်မလေးကို ကောင်လေးက လက်ဆောင်တွေ ပေးတယ်။ ကောင်မလေး လက်မခံခဲ့ပါဘူး။ ကောင်လေးက ဒီလိုဘဲ မိန်းကလေး တော်တော်များများကို လက်ဆောင်တွေ ပေးနေကြဘဲ။ ကောင်မလေး မလိုချင်ဘူး။ ချစ်သူပေမယ့် ရှင်းရှင်းဘဲ ပတ်သက်ချင်တယ်။ ကောင်လေးက အတင်းကိုပေးနေတာပါပဲ…။ နောက်ကွယ်မှာ ကောင်လေးပြောတာ ပြန်ကြားတယ်။ မယူမှန်းသိလို့ အတင်း ပေးတာပါတဲ့… ယူမယ့်သူကို ပေးမလားတဲ့..။ ကောင်မလေးစိတ်ကသိကအောက်ဖြစ်မိတယ်.။

ကောင်လေးအတွက် ကောင်မလေးက ဘယ်နှယောက် မြောက်လဲ မသိပေမယ့် ကောင်မလေးအတွက်တော့ ကောင်လေးက ပထမဆုံးချစ်သူပါ…။ ကောင်လေးက ကောင်မလေးအတွက် ပထမနဲ့ နောက်ဆုံးဖြစ်ပေမယ့် ကောင်လေး အတွက်တော့ ကောင်မလေးက ပထမလည်း မဖြစ်ခဲ့ဘူး နောက်ဆုံးလည်း မဖြစ်ခဲ့ဘူး။

ဒါကိုအစကဖြင့်ကောင်မလေးမသိခဲ့ဘူး…..
နောက်တော့ သိရတယ် ကောင်လေးက တစ်ခါမှ ချစ်သူမထားဖူးတဲ့ မိန်းကလေးတွေရဲ့ ပထမဆုံး ချစ်သူဖြစ်ချင်လို့ အဲ့လို မိန်းကလေးတွေကို လိုက်ပြီး ချစ်သူ လုပ်တတ်တဲ့ အကျင့်ရှိတယ်တဲ့။ မှတ်တမ်းအလိုက် စုနေတဲ့ ပုံမျိုးပေါ့…။ မိန်းကလေးတွေရဲ့ ပထမဆုံး ချစ်သူဖြစ်ရတာကို အရမ်း နှစ်သက်တာပဲတဲ့.. ချစ်သူ ဖြစ်ပြီးရင်တော့ ရင်မခုန်တော့တာ များပါတယ်တဲ့။

ကောင်မလေးအရမ်းကိုစိတ်မကောင်းဖြစ်ခဲ့ရတယ်။
ကောင်လေးက လူများတွေရှေ့မှာ ကောင်မလေးကို ချစ်သူလို မဆက်ဆံတတ်ဘူး.. နှစ်ယောက်တည်း ရှိမှ ချစ်သူလို နေတတ်တယ်.. လူတွေရှေ့မှာလည်း ဘယ်မိန်းကလေး ဘယ်လိုလှကြောင်း ပြောပြောတတ်တယ်။ နောက်ကျရင်တော့ ပြောတတ်တယ်.. လျှောက်ပြော နေတာတဲ့။ ယောကျာ်းလေးချင်းတွေ့ရင် အရေမရ အဖတ်မရ လျှောက်ပြောတ်တာ သိရဲ့သားနဲ့တဲ့..။ ကောင်မလေး သိပါတယ်..။ ဒါပေမယ့် ဘာမှမပြောခဲ့ဘူး။ ကောင်လေးက တကယ်ချစ်တာ ကောင်မလေး တစ်ယောက်ပါပဲလို့ အမြဲ တွေးနေတတ် လို့ပေါ့..။

တစ်နေ့တော့ ကောင်လေးက ကောင်မလေးကို ပြောတယ်။ သူ့ဘ၀မှာ အချစ် ဆိုတာကို ပထမဆုံးစသိတာ ချစ်တတ်အောင် သင်ပေးခဲ့တဲ့ မိန်းကလေး တစ်ယောက်နဲ့ ချစ်လို့ရမလားတဲ့ အဲ့ဒိ မိန်းကလေးက သူ့ပထမဆုံး ချစ်သူ တစ်ယောက်ပါပဲတဲ့.. ဘေးလူကြောင့် နားလည်မှုလွဲပြီး အဆက်ပြတ်ခဲ့ရတာပါတဲ့.။ ခုတော့ သူတို့အဆင်ပြေပါပြီတဲ့.. ။ တစ်ယောက်နဲ့ တစ်ယောက် အရမ်း ချစ်ခဲ့ကြပေမယ့် လွတ်လွတ်လပ်လပ် ချစ်ခွင့်မရခဲ့ကြဘူးတဲ့.. ခုမှ ရတော့မှာ.. ကောင်မလေး ခွင့်ပြုနိုင်မလားတဲ့။ ကောင်လေးကသာ ကောင်မလေးကို တကယ်ချစ်တယ်ဆို ဒီလိုစကားမျိုး ထုတ်ပြောစရာ မလိုဘူး ထင်ပါတယ်။ တစ်နည်းအားဖြင့် ဒါ လမ်းခွဲစကားပြောလိုက်တယ်ဆိုတာ ကောင်မလေး သဘောပေါက်လိုက်ပါတယ်။ ဘယ်တတ်နိုင်တော့ပါ့မလဲ။

ကောင်မလေး ဘာမှ မပြောပါဘူး။ သူတို့နှစ်ယောက် အကြောင်းကိုလည်း ကောင်မလေး ကြားဖူးခဲ့ပါတယ်။ ဘာပဲ ပြောပြော ရည်းစားဦးကို လူတိုင်း မမေ့နိုင်ဘဲ စိတ်ထဲ ရှိနေတတ်တာ ကောင်မလေး သိနေတာဘဲ.. ခုတော့ ကောင်လေးက ကောင်မလေး အကြောက်ဆုံး စကားကို ပြောလိုက်တာဘဲ.။ ကောင်မလေး နားလည်လိုက်ပါတယ်။

ဒါပေမယ့်…..

နောက်တစ်နေ့ကစပြီး ကောင်လေးရှေ့က ကောင်မလေး ပျောက်ဆုံး သွားပါ တော့တယ်။ စာရွက်တိုလေး ပေးခဲ့တယ်.။
“လွတ်လွတ်လပ်လပ်ချစ်ပါခွင့်ပြုပါတယ်”တဲ့…

ကောင်မလေးကို ဘယ်လိုမှ ဆက်သွယ်လို့မရတော့ဘူး. ကောင်လေး ဖြစ်ချင်တဲ့ အတိုင်း ဖြစ်ခွင့်ရသွားတာဘဲ.. ဒါပေမယ့် ကောင်လေး မျက်ရည်တွေ ပေါက်ပေါက် ပေါက်ပေါက် ကျလာတယ်. သူ့မှာ ဘာမှမရှိတော့ သလို ခံစား လိုက်ရတယ်..။ ကောင်မလေး မရှိတော့မှ ကောင်မလေးကို သူ တကယ်ချစ်မှန်း သိလိုက်တော့တယ်.. ။

သူ တန်ဖိုး မထားခဲ့တာကို အကြီးအကျယ် နောက်တရတယ်.. သူ ပြန်ပေးဆပ်ချင်တယ်.. . ကောင်မလေးနဲ့ ချစ်သူတွေ ဖြစ်ချင်တယ်.. ကောင်မလေးကို အသေရရ အရှင်ရရ အသေအကြေ တောင်းပန်ချင်လို့ လိုက်ရှာတယ်..

ဘာမှ မရတော့ဘူး.. ဘာမှ မရှိတော့ဘူး… သူ ဘယ်သူ့မှ မလိုချင်တော့သလို ခံစားလိုက်ရတယ်.. သူ ဖြစ်ချင်တာ ဖြစ်ခွင့်ရပြီဘဲ.. သူ မပျော်ဘူး.. သူ အသည်းတွေ ကြွေမတတ် ဖြစ်တယ်.. ။ ယောကျာ်း တန်မဲ့ ငိုကြွေးခဲ့တယ်။ နောက်ပိုင်းသူ အရမ်းကို ပြောင်းလဲ သွားတယ်။
သူ့ အကြောင်းတွေကို တခြား သူတွေကနေ ကောင်မလေး ကြားပါတယ်။
ဒါပေမယ့် ဘယ်သောခါမှ ကောင်မလေး ကောင်လေး ဆီကို ပြန်မလာတော့ပါဘူး။

ကောင်လေး ကောင်မလေးကို စပြီး ချစ်ခွင့် တောင်းကတည်းက လိမ်ညာ ခဲ့တာတွေအားလုံးကို ကောင်မလေး သိခဲ့ရတယ်။ ပရိယာယ်တွေ ကြွယ်နေတဲ့ ကောင်လေးရဲ့ လှည့်ကွက် တွေကို ကောင်မလေး သိသိရက်နဲ့ အရမ်း ချစ်လို့ ၀င်ခဲ့တယ်.. ကောင်လေး ဘယ်တော့ မိန်းကလေး တွေနဲ့ ရှုပ်ခဲ့ ရှုပ်ခဲ့ ကောင်မလေး ကိုတော့ သူ တွေ့ဖူးနေကြ မိန်းကလေး တွေနဲ့ မတူဘူးဆိုတာ ဖြစ်စေချင်လို့ ကောင်လေး မကြိုက်လောက်တဲ့ အရာ တွေကို ကောင်မလေး ကြိုရှောင်ကြဉ် ခဲ့တယ်။ ကောင်လေး ထားခဲ့မှာ ကြောက်လို့ ဘာအပြစ်မှ မပြောခဲ့ပေမယ့် ထင်တဲ့ အတိုင်းဖြစ်လာတော့ စွန့်လွှတ်လိုက်တာ ကောင်မလေး အတွက်တော့ အငြိမ်းချမ်းဆုံး ဖြစ်သွားခဲ့တယ်။

ကောင်လေး ကတော့ အရူးတစ်ပိုင်း ဖြစ်သွားခဲ့တယ်… သူ ကောင်မလေးကို ဒီလောက် ချစ်နေမှန်း သူကိုယ်တိုင် နောက်ကျနေတဲ့ ဒီအချိန်မှ သိခဲ့ရတယ်။  
ဒါပေမယ့် ကောင်မလေး ကတော့ တစ်သက်လုံး ဘယ်သောခါမှ ကောင်လေးဆီ ပြန်မလာတော့ဘူး…တဲ့…။

ပုံပြင်လေး ကတော့ ဒါပါပဲကွယ်… ။
၂၀၀၉ ခုနစ်မှာ ပထမဆုံးစရေး ဖူးတဲ့ စာစုလေးပါ....:)


0 comments:

Post a Comment

Note: Only a member of this blog may post a comment.

 
Design by