“မီး.. ဘာလို့ ဗိုင်ပါကို သွားရတာလဲ…
ကိုကိုပြောထားတယ်.. ဗိုင်ပါက ကော်နက်ရှင် မကောင်းလို့ ဒီကပဲ ပြောပါဆိုတာ..”
“သြော်.. ကိုကို အွန်လိုင်းမှာ
ရှိမရှိ မသိတော့… ဗိုင်ပါမှာ သွားကြည့်ရတာလေ… ရှိတာသိမှ ဒီပြန်လာမလာလို့ပါ..”
“မီး 55555 နော်.. ”
“အမ်.. ဘာထ ဖြစ်တာလဲ ကိုကို.. လက်ဝါးချင်း
ရိုက်မလို့လား..”
“မင်းဖြူမှန်မှန်ပြော…. ”
“မီးက မင်းဖြူ မဟုတ်တော့… ပြောဖို့
လိုပါ့မလား ကိုကို..”
“နာမယ်.. ပြောပါ မှန်မှန်.. ဗိုင်ပါမှာ
ဘာသွားသွားလုပ်တာလဲ..”
“သြော်.. ဘယ့်နှယ် ဘာသွားလုပ်ရမလဲ
ကိုကို.. ကိုကို့ကိုကြည့်တာပါဆို.. ”
“မီးနော်.. ဖေ့စ်ဘွတ်မှာလည်း အမြဲ
ဖလန်းဖလန်း လုပ်နေတယ် မို့လား..”
“ငင်…”
“ကိုကိုကတော့ ဒီမှာ နက်မကောင်းလို့
ဘာမှ မဝင်နိုင်ဘူး… မီးကိုတောင် အနိုင်နိုင်..”
“အီ.. မီးကို အနိုင်နိုင်ဆိုတာက..”
“မီးနဲ့ ပြောတာလေ.. နက်သိပ်ဆိုးတယ်..
မီးလည်းဆိုးတယ်..”
“အို.. လုပ်ပြီ.. ကိုကိုနော်..
”
“အင်း.. ဘယ်သူနဲ့ စကားပြောသလဲ ပြော..”
“မပြောပါဘူး ကိုကိုရယ်…”
“မဖြစ်နိုင်ဘူး.. မီး အွန်လိုင်းမှာ
ရှိနေတာပဲ.. ပြော.. မှန်မှန်ပြောနော်..”
“အင်း.. စာပို့ထားတဲ့ သူငယ်ချင်းတွေကို
ပြန်စာ ပြန်ပို့တာပဲ ရှိပါတယ်..”
“ကြည့်.. ဘယ်သူတွေလဲ ပြော..”
“သြော်.. ဘယ်သူ ရှိမလဲ ကိုကို သိတဲ့
သူတွေပဲလေ… ”
“အဲ့ ဖေ့စ်ဘုတ်တွေ ဝင်တာ မကြိုက်ဘူးနော်..”
“အို.. ဘာဖြစ်လဲ.. လုပ်စရာမရှိလို့
ခဏဝင်ကြည့်တာ.. မီးလည်း လူငယ်တစ်ယောက်ပဲ.. ဘာများလုပ်နေလို့လဲ.. ဒါလေး ဝင်ကြည့်တာ..
ဘာဖြစ်လဲ.. ”
“အင်း.. လုပ်ချင်တာ လုပ်မယ်ပေါ့
ဟုတ်လား..”
“ဟုတ်တယ်.. ဘယ်လို ပြောပြော ဘယ်အပြောနဲ့မှ
မလွတ်တာပဲ.. ထင်ချင်တာသာ ထင်တော့..”
“ရပါတယ် လုပ်ပါ.. ကိုကိုကတော့
မီး မကြိုက်ဘူးဆို မလုပ်ဘူး..”
“တော်ပြီ. စကားပြောချင်စိတ် မရှိတော့ဘူး..
နေလိုက်တော့…”
တုန်….
ဖုန်း ပိတ်လိုက်သည်။ ကျွန်မတို့
ဒီလိုနဲ့ပဲ စကားကောင်း ပြောဖြစ်ဖို့ အချိန် ရှားပါးလှသည်။
----
“ကြည့်စမ်း.. ခင်ဗျား… ကျူပ်ကို
အဖတ်မလုပ် ပါလား.. ဒီလိုလား..”
ဖတ် ကြည့်လိုက်တော့ ဘယ်သူရှိမလဲ
သူ။
“ရက်စ်… ”
“ဟာ.. ဘာရက်စ်လဲ.. တကယ်ပေါ့ ဟုတ်တယ်ပေါ့
ဟုတ်လား..”
“ဟီး.. နောက်တာ.. ”
“ဘာနောက်တာလဲ တကယ်ပြောပြီးမှ..”
အတန်ကြာ..
“နက်မကောင်းတာပါ ကိုကို..”
“အင်း.. ဖြစ်ရမယ်.. ”
“ဟဲဟဲ.. ကိုကိုဘာလို့ အွန်လိုင်း
ဖြစ်နေရတာလဲ..”
ဦးအောင် မေးထားခြင်း..။
“ဖုန်းထဲ ဒေါင်းစရာ ရှိလို့ ဖွင့်ထားတာ..
ခင်ဗျားက ရောက်တာ ကျူပ်ကို အရင် မရှာပါလား..”
“သြော် ကိုကို မရှိဘူးထင်လို့
နောက်မှ စာချန်ခဲ့မို့ပါ..”
“နောက်မှ ချန်မယ်ဆိုတော့ ခုက ဘာလို့…”
“ခုက ဟိုကြည့် ဒီကြည့်..”
“ပြောပါဦး.. ခင်ဗျား ဟိုကြည့် ဒီကြည့်က..
”
“ဟိုကြည့် ဒီကြည့်ပါဆို.. အတိအကျရှိမလား..”
“အင်း.. လုပ်ပါ.. အဲဗား ဘီးဇီး..”
“မဇီးပါဘူး.. ကိုကိုမရှိဘူးထင်လို့
လုပ်တာ..”
“မရှိတော့ ပျော်သွားတယ် မို့လား..”
“အို.. မဟုတ်ပါဘူး.. ကိုကိုကလည်း..”
“အင်း.. သိပ်ပြောရတယ်.. မကြိုက်ဘူး.. သတိထား...”
----
“မီး.. ကိုယ့်ကို မှတ်မိသေးရဲ့လား…”
“လုံးဝ မကောင်းတဲ့ မီး…”
“မီး ဇုတ်…”
မီး = ချစ်စနိုးခေါ်သံ... ခုတော့... တော်တော် ချစ်ရှာသည်..
ရောက်နေသော မက်ဆေ့ခ်ျများကို ဖတ်နေရင်း
ကျွန်မ မျက်နှာ တစ်ခုလုံး မဲ့ရွဲ့လာသည်။ တစ်စောင်ဖတ်လိုက် မဲ့လိုက် တစ်စောင်ဖတ်လိုက်
ရွဲ့လိုက်နှင့် အလုပ်များနေသော ကျွန်မပင်။ ဒီလောက် ကြင်နာစွာ ဆက်ဆံနေပုံ ထောက်လျှင်တော့
ကျွန်မ ချစ်သူမှန်း ကျွန်မ ကောင်းစွာ သိသည်။ ဒီလို ပြောဆိုဖို့ရာ သူ သိပ်ပျော်သည်။
ဗိုင်ပါမှ ရောက်လာသော စာများက မကောင်းလှ။
ကျွန်မ ကောင်းကွက် တစ်ခုမှ မရှိ။ ချစ်သူထံမှ စာအား ရင်ခုန်စွာ ဖတ်လိုက်ပြီး ပျော်ရွှင်စွာ
စာပြန်လေ့ ရှိသော မိန်းကလေးများထဲတွင် ကျွန်မ ပါမည် မထင်ပါ။
“ဟူး… မုန်းဖို့ ကောင်းလိုက်တာ…
ဘယ်နှယ့် ငါ့ဘဲ လာဖြစ်နေရသလဲကို မသိဘူး … မုန်းထှာ.. ”
သူလည်း ကြားနိုင်သည် မဟုတ်သောကြောင့်
ကျွန်မ တစ်ယောက်တည်း မြည်တွန်ကာ တောက်တီး နေလိုက်သည်။ သူ့ထံ စာမှန်မှန် မပို့သည့်
အပြစ်က ကျွန်မ အဖို့ အမြဲ ကျူးလွန်နေကျ အရာ တစ်ခု ဖြစ်သည်။ သူ့လို ကျောင်းလေး တက်လိုက်
အဆောင်ပြန်လိုက် စားလိုက် သောက်လိုက် စာလုပ်လိုက်မှ မဟုတ်တာပဲ။ တစ်နေ့တစ်နေ့
အလုပ်များလိုက်တဲ့ ကျွန်မ ဖြစ်ခြင်း။ ဒါတွေ သူ နားမလည်နိုင်ဘူးလေ။
“အင်း.. ဒီဘဝတော့ ဒီဘဲနဲ့ ငါ့ဘဝတော့
ဆုံးပြီ ထင်ပါတယ်…”
တီ တီ တီ တီ… ဟော… သူ ဗိုင်ပါနှင့် ဖုန်းခေါ်နေပြီ ဖြစ်သည်..။
“အင်း…”
ဟဲလို မလုပ်နိုင်ပါ။
“အင်း… အွန်လိုင်း ရှိရက်နဲ့ ဘာလို့
ကိုကို့ဆီ မခေါ်တာလဲ… ကိုကိုခေါ်တော့လည်း ကြာမှ ကိုင်တာလဲ..”
စိတ်အကြီးကြီး ပျက်တဲ့ထဲတွင် ဒီလို
အပြောတွေ ထိပ်သီးက ပါနေသည်ကို သူလည်း သိသည်။ ကျွန်မလည်း သိသည်။ ဒီလို ရင်ဝကို ဆောင့်တတ်သော
အပြောမျိုး ရှောင်ကြဉ်ပါရန် တိုးတိုး တစ်မျိုး ကျယ်ကျယ် တစ်မျိုး မတိုး မကျယ် တစ်မျိုး
ပြောခဲ့သော်လည်း အစဉ် မတိုးနိုင် ဖြစ်ရသည်မှာ ကျွန်မ ချစ်သူ ဖြစ်သည်။
“ကျွတ်… အဲ့ဒါတွေ မုန်းတာ.. ပြောထားတယ်
မို့လား…”
“မတတ်နိုင်ဘူးလေ.. ဒါတွေ ဖြစ်အောင်
မင်းပဲ လုပ်တာပဲ..”
“ဘာမင်းလဲ.. တော်တော် ရင့်နေတယ် ဟုတ်လား..
ချစ်သူ ရည်းစားဆီ ဖုန်းဆက်တာကော ဟုတ်ရဲ့လား.. ယောကျာ်းချင်း စကားပြောနေတဲ့ အသံနဲ့..”
“အေး.. ငါဒီလိုပဲ ပြောတတ်တယ်… ပက်ချွဲ
နက်ချွဲ ပြောတတ်တဲ့ ကောင်တွေထဲမှာ ငါမပါဘူး..”
“သြော်.. ဒီလိုလား.. မပါရင်လည်း
ပါအောင် ကြိုးစားလိုက်ပါဦး.. ကျွန်မက အဲ့လို အကောင်မျိုးကိုပဲ စကားလက်ခံ ပြောချင်တာ..”
“အေး.. မင်းအီချင်ရင် တခြားကောင်တွေနဲ့
သွားအီ.. ငါကတော့ ဒီလိုပဲ နေတတ်တယ်..”
“ဘာ..”
ဖုန်းကိုင်ထားရင်းမှ တစ်ဇက်ဇက်
တုန်ရီလာသည်။ ဒါ သူနှင့် ကျွန်မ၏ မရိုးလွန်းနိုင်သော ရန်ဖြစ်ကွက်တွေချည်း ဖြစ်သည်။
“အင်း.. မပြောလည်း အီမှာပါ.. စိတ်ကြိုက် အီလို့ရတယ် ဆိုတာ သိတယ်နော်..”
“တော်စမ်းပါ.. အရေးမပါတဲ့ ကောင်တွေ
အားတိုင်း ယားတိုင်း ဖွန်ကြောင်တာကို ဂုဏ်ယူ ပြောမနေစမ်းပါနဲ့..”
“အင်း.. အဲ့လို ကောင်တွေ အဖွန်ကိုမှ
အကြောင်ခံလိုက် ချင်သေးရဲ့နော်.. ရှင့်လို ကျောက်ခဲ ရိုက်မှ ထွက်လာတဲ့ မာကလောင်သံနဲ့
ကျွန်မကို လာမကြူပါနဲ့… ဒါပဲ.. ဒီနေ့တော့ ဖီးလ်ကြဲသွားလို့ မောင်လေး.. ဒီလောက်နဲ့
တော်သေးပြီ.. ဒိုးလိုက်တော့..”
ဖုန်းချဖို့ ပြင်လိုက်သော်လည်း
တစ်ဖက်က ကြမ်းကြမ်း တမ်းတမ်း အသံက တိမ်လို့ပင် မသွားသေး။
“နေပါဦး.. ခင်ဗျားက ပြောချင်တာပြောပြီး
ဒီလို ချလို့ ဘယ်ရမလဲ… ခင်ဗျားကို စောင့်နေတဲ့ သူကိုမှ အားမနာ…”
ကြည့်စမ်းပါဦး စကားပြောလိုက်ရင်။ စကားပြောနေရင်းကို မုန်းနေသည်။
“နာစရာလား.. ရှင့်ကို အခါ တစ်သိန်းတောင်
မနာဘူးမှတ်.. မုန်းလိုက်တာ.. ဒါနဲ့ ဖုန်းက ဘာလို့ ချမရရမလဲ… ကျွန်မ ချပြလိုက်မယ်..
အဲ့ဒိကနေ နားထောင်ကြည့်လိုက်ပါ…”
“တုန်…”
ကျွန်မ ကိုယ်တိုင် ချစ်လွန်းလို့
ချစ်သူတွေ ဖြစ်နေသော ချစ်သူ နှစ်ယောက် ဖြစ်သော်လည်း သူ့ရဲ့ ဘယ်လိုမှ အပြောမတတ်သော
အကျင့်ကြောင့် ကျွန်မတို့ကြားတွင် ရန်ပွဲ အထပ်ထပ်နှင့် အမြဲ ဂရက် ဖြစ်ရသည်။ ကျွန်မ
အလွန် မုန်းသော နာမ်စားမျိုး ပြောတတ်သော သူ့အား ကျွန်မ စိတ်ကုန်သည်။ ထိုသူ့ကို
စိတ်ကုန်တဲ့ အကြောင်း ပြောရလျှင်တော့ ကုန်နိုင်မည် မထင်။ ပြီးတော့လည်း ကျွန်မ သူငယ်ချင်းများ
ပြောသလိုပင် ရန်ဖြစ်သော်လည်း မပစ်ရက် မခွာရက် ချစ်ရပြန်သည်။ ဒါကို သူသိနေသောကြောင့်
ကျွန်မအား စိတ်ဆိုးအောင် လုပ်လိုက် ပြန်ချစ်အောင် လုပ်လိုက်နှင့် တတ်လည်း တတ်နိုင်သည်။
----
“ကိုကို...”
“ဗျာ..”
“ကိုကိုနော်.. မီးကို ခုတလော
မကြင်နာသလိုပဲ…”
ဒီလိုချိန်တော့ ကျွန်မ နှင့် ကျွန်မ
ချစ်သူက သာယာနေချိန် ဖြစ်သည်။ တစ်ခါတစ်လေတော့လည်း တစ်ယောက်နဲ့ တစ်ယောက်က ချစ်တတ်ကြပါသေးသည်။
သို့သော်…
“ဟာ.. ဒီလောက် ကြင်နာတတ်တဲ့ ချစ်သူကို မီးမို့ ပြောတယ်.. တခြား ကောင်တွေ သွားကြည့်ပါဦး.. ”
“ဘယ်ကောင်ကို သွားကြည့်ရမှာလဲ..”
“သြော်.. မင်းက ဘယ်ကောင်ကို
ကြည့်ချင်သေးလို့လဲ..”
“ကျွန်မက ဘယ်အကောင်ကို ကြည့်ရမှာလဲ..
ရှင်ပဲ ကြည့်ဆို… အကောင်းပြောနေတာတောင် ဘယ်ရောက်တယ် မသိဘူး..”
“မင်းကွာ.. ကိုယ့်ကိုဆို စကားကောင်းကောင်း
မပြောဘူး..”
“ပြောနေတာပဲလေကွာ ကိုကိုရာ.. ကိုကို့မို့နော်..
တခြားသူဆို ခေါင်းထဲကို ထည့်တာ မှုတ်ဘူး..”
ကျွန်မက သက်သက်သာသာ ပြောလိုက်သော်လည်း…။
“ဘာကွ.. မင်းက ကိုယ့်ကို တခြားသူတွေ
စာရင်းမှာ ထည့်ချင်တာလား.. မင်းနဲ့ ကိုယ်က ဘာတွေလဲ.. ချစ်သူနဲ့ တခြားသူကို မင်းက
ရောပြီး ဆက်ဆံတတ်တာလား..”
“ဘာရယ်.. ကျွန်မကောင်းကောင်းပြောနေတာကို
ရှင် ဘာလို့ ပြသနာ စကားပဲ ပြောနေရတာလဲ… စိတ်ညစ်တယ်ကွာ..”
ကျွန်မ စိတ်ပျက်လာသည်။ ငိုသံနှော
ချင်လာသည်။
“အင်း… ပြောတယ်ဆိုလည်း ကောင်းကောင်းပြော… နောက်ကို ကိုယ်မကြိုက်တာတွေ မပြောမိစေနဲ့…”
“ဘာရယ်.. ရှင်မကြိုက်တာ ရှောင်ပြောရင်
ပြောစရာ ရှိမှာ မဟုတ်ဘူးဆိုတာ ရှင်သိတယ် မို့လား..”
“မင်းကွာ.. မရှည်နဲ့..”
“ဘာ..”
“ကဲပါ.. မပြောနဲ့တော့ စကားကောင်းပြောမယ်..”
“မပြောနိုင်ဘူး.. ရှင် က ကောင်းကောင်းပြောချင်
ကျွန်မက ပြောလိုက်.. မပြောချင်ရင်တော့ ကျွန်မက စိတ်ဆိုးလိုက်နဲ့… ကျွန်မက ဘာဘဝလဲ…
ရှင်နဲ့ လိုက်ပြီး ပြောင်းလဲနေရမှာလား..”
“ကဲ.. ကြည့်… ကိုယ်ကလျှော့တော့လည်း
မင်းက မလျှော့နိုင်ဘူး.. ဘာဖြစ်ချင်နေတာလဲကွာ…”
“အိပ်ချင်နေတာလေ.. ဖုန်းချ ချင်တယ်..
ဒီညတော့ ဒီမျှပဲ.. ကျွန်မတို့က အဝင်မှာ အစမကောင်းရင် အနှောင်း လုံးဝ သေချာမှာ မဟုတ်ဘူးဆိုတာ
သိလိုက်ပါ…”
“မီး ကိုယ့်ကို ဘာလို့
သူများတွေနဲ့ တန်းတူ ဆက်ဆံနေရတာလဲ..”
“ရှင်က အဲ့ဒိ သူများတွေလောက်တောင်
ကျွန်မအပေါ် ကောင်းကောင်း ဆက်ဆံလို့လား.. တစ်နေ့ တစ်နေ့ ကျွန်မကို အပြစ်ရှာ အပြစ်တင်
ဝေဖန် ပြောဆိုဖို့ပဲ တတ်နိုင်တဲ့သူလေ..”
“ဟာ.. ကွာ… မင်း ကိုယ့်စိတ်ကို
နားမလည်နိုင်ဘူးပဲ..”
“ဟုတ်တယ်.. လုံးဝနားမလည်သလို နားလည်လာမှာလည်း
မဟုတ်ဘူး ဆိုတာ သိထားလိုက်ပါ..”
အကျင့် ပုပ်သော ချစ်သူ ဖြစ်သည်။ ဒီလို ဘာမဟုတ်တာကြောင့် ရန်ဖြစ်ရပေါင်းလည်း မနည်းတော့။
သဝန်တို အူတိုကာ စကား အကောင်းပြောလို့ မရအောင်ကို ဖြစ်ရသည်။ စိတ်ပျက်ရသည့် အထဲတွင်
အဲ့ဒါတွေပါသည်ဟု မြည်တွန်တောက်တီး လိုက်သည်။
“ငါ ဘာကြောင့် အချစ်ရေးမှာ ကံမကောင်းရသလဲ…”
တစ်ယောက်တည်း သက်ပြင်း တစ်ခုကို ချလိုက်သည်။
----
“ကိုကို... ဘယ်မှာလဲကွာ...”
“ဟာ ကိုကို.. ဘယ်သွားနေတာလဲ.. ဘာလုပ်နေတာလဲ... မီး စောင့်နေတာ...”
“ကိုကို ညကလည်း မလာဘူး.. တစ်ခုခုတော့ ပြောသင့်တာပေါ့ ကွ...”
အတန်ကြာ...
“အင်းပါလေ. ကိုကို ကိစ္စရှိလို့ပေါ့နော့..”
“နေပါဦး.. ဘာကိစ္စများလဲ ကိုကို..”
“ကိုကိုက ပြောပြနေကြပါ..”
အတန်ကြာ..
“ကိုကို... ကက .. ကိကိ... ကွိကွိ... ဂါး....”
အတန်ကြာ...
“ကိုကို နေကောင်းရဲ့လား.. ကိုကို ဘာဖြစ်နေလဲဟင်.. မီးကိုပြောပါဦး..”
အတန်ကြာ...
“ကိုကို မီးမျှော်နေမယ်နော်.. မအိပ်ဘူးနော်.. ပြော... ကိုကိုရောက်ရင် ပြောနော်.. ”
နောက်တစ်နေ့မနက်....
စာရောက်နေသည်ကို တွေ့လိုက်တော့...
“ချစ်မီးမီးလေး.. ကိုကို ဖုန်းပျက်သွားလို့ ခု သူငယ်ချင်း ဖုန်းကနေ စာပို့လိုက်တာ... ညက သူငယ်ချင်းတွေနဲ့ သွားအိပ်လိုက်တာ ဖုန်းပျက်သွားတာနဲ့ ဘာမှ ပြောဖို့မရလိုက်တာပါ ချစ်ဆုံးလေး. ရမ်းချစ်တယ်နော်... မွစ်... ပြွတ်... တာ့တာ..”
“ဘာ........”
“ဒီမှာတော့ စိတ်ပူလိုက်ရတာ သူကတော့ဖြင့် ကဲနေတယ်... ရင်နာတယ်.. တွား.. လာခေါ်နဲ့တော့... အဝေးကြီးကို တွားလိုက်တော့....ဂါး........”
မမောနိုင် မပန်းနိုင် မပြီးနိုင် မဆီးနိုင် မဆုံးနိုင် မပြတ်နိုင်လောက်အောင် ထိုသံသရာတွင် ကျွန်မတို့ နှစ်ယောက် ပတ်ချာလည်နေတတ်သည်။
မှတ်ချက်။ ။ သို့သော် ကျွန်မတို့ နှစ်ယောက် တစ်ယောက်ကို တစ်ယောက် သိပ်ချစ်ကြပါသည်။
0 comments:
Post a Comment
Note: Only a member of this blog may post a comment.